ရာဇာရဲရင့်
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ကမာရွတ်မြို့နယ် ပြည်လမ်းနှင့် မြကန်သာလမ်းထောင့်တစ်ဝိုက်
ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သူတွေရှိသည်ဆိုသည့် သတင်း ကြောင့်
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းနှိမ်နင်းရေးအဖွဲ့က ၃-၇-၂၀၁၁ နေ့ ညနေ ၅
နာရီခွဲလောက်မှာ ၀င်ရောက်ဖမ်းဆီး ကြသည်။
အရပ်သားသက်သေ တုတ်ကြီးကို
'တည်ကြက်'လုပ်ပြီး ဖမ်းခဲ့ရာ ပြည့်တန်ဆာခေါင်းတစ်ဦး၊
ပြည့်တန်ဆာလုပ်ကိုင်သူ မိန်းကလေး နှစ်ဦးကို ဖမ်းဆီးမိခဲ့သောကြောင့်
ကမာရွတ်ရဲစခန်း (ပ)၂၃၀/၂၀
ပြည့်တန်ဆာလုပ်ကိုင်မှုနှင့် အမှုဖွင့်ခဲ့ ခြင်းဖြစ်သည်။
သဉ္ဇာအေးခေါ် ငယ်ငယ်၊ ပေါင်းတည်
မြို့နယ်ထဲရှိ ရွာတစ်ရွာ၊ ပဉ္စမတန်းအထိသာ ကျောင်းနေဖူးသူ၊ အသက်၊
မွေးနေ့ ရက်လ သေချာမမှတ်မိ၊ မြန်မာသက္ကရာဇ် ၁၃၅၇ ခုနှစ် မွေးဟုသာ သိသည်။
ဆေးစာ
ထင်မြင်ချက်အရ အသက် ၁၆ နှစ် ခြောက်လမှ ၁၇ နှစ် ခြောက်လအတွင်းရှိ မိန်းကလေးနှင့် တူညီပါသည်ဟု ပြန်ကြား ထားသည်။
ခန္ဓာကိုယ် ညှက်သည့် မိန်းကလေး။
သဉ္ဇာအဖေနှင့် အမေက သမီးသုံးနှစ်
အရွယ်လောက်တွင် အိမ်ထောင်ကွဲခဲ့၍ အဖေနှင့်အတူ နေထိုင်ကြီးပြင်းလာခဲ့ သည်ဟု ဆိုသည်။
ပဉ္စမတန်းအရောက် အဖေဖြစ်သူ ကိုယ်တစ်ခြမ်း လေဖြတ်သွားခဲ့သည်။ အိပ်ရာထဲလဲ၊ လှုပ်မရအောင် လေဖြတ်ခြင်းမဟုတ်။
လှုပ်လှုပ် ရှားရှားလုပ်လျှင် နာကျင်ကိုက်ခဲသည့် ဝေဒနာဖြစ်သည်။
ပဉ္စမတန်းကို ဆက်မတက်ဖြစ်သော သဉ္ဇာ ရွယ်တူသူငယ်ချင်းတွေနှင့် တောထဲမှာ အင်ဖက်ခူးရောင်းသည်။
အင်ဖက် ၆၀၀ ရလျှင် ၅၀၀ ကျပ်၊ တစ်နေကုန် ခူးလျှင် အင်ဖက် ၁,၂၀၀၊ ငွေ ၁,၀၀၀ ရသော်လည်း အင်ဖက်ခူးရသည်ကို ပျော်သည်။
သူငယ်ချင်းအပေါင်းအသင်းတွေနှင့် တောထဲဝင်၊ ဖက်လိုက်ရှာ။ တောထဲမှာ ထမင်းစုပေါင်းစားရသည်ကို
ပျော်သည်။
သို့သော် အဖေ့ကို ဆေးကုဖို့သည် ၀င်ငွေနှင့် မလုံလောက်မှန်း သိလာသည်။
ရွာသားတစ်ဦးအကူအညီနှင့် ရန်ကုန်တာမွေက ကုန်စုံဆိုင်ဖွင့်ထားသည့်အိမ်မှာ စရိတ်ငြိမ်း တစ်လ ၃,၀၀၀
နှင့် ဈေးရောင်းပေးသည့် အလုပ်ကို လုပ်သည်။
အိမ်အလုပ်လည်း ကူရသည်။
အိမ်ဆိုင်က ရောင်းအားကောင်းလာသည်နှင့် ထမင်းချက် ဟင်းချက်
မီးဖိုချောင်အတွက် မိန်းကလေး တစ်ဦး ထပ်လိုချင်သည်ဟု အိမ်ရှင်က ဆိုသည်။
သဉ္ဇာ စဉ်းစားပြီးဖြစ်၏။
ရွာက သူငယ်ချင်း မိနှင်းကို ရမည်၊ ကိုယ်တိုင်သွား ရောက်ခေါ်မည်၊ စုထားသည့်ငွေလေးလည်း အဖေ့ကို ပေးနိုင်သည်၊ တစ်ချက် ခုတ် နှစ်ချက်ပြတ်။
အိမ်ရှင်ဦးလေးကြီးက ရန်ကုန်ဘူတာ
ကြီးအထိ ကိုယ်ပိုင်ကားနှင့် လိုက်ပို့ပေးသည်။
မိနှင်းကို ခေါ်ခဲ့ရန်နှင့် ကြိုတင်ငွေအဖြစ် ငါးသောင်း၊ အပြန် နှစ်ယောက်
စာ ခရီးစရိတ်ပါ ထည့်ပေးလိုက်သည်။
သဉ္ဇာ ပြည်ရထားစီးရန် အမှတ်(၃) စင်္ကြံတွင် စောင့်ဆိုင်းနေစဉ် အသက်
၂၅ နှစ်ခန့်၊ ဆံပင်ကုပ်ဝဲ၊ အသားမဖြူ မညို အမျိုးသမီး တစ်ဦး အနားရောက်လာပြီး
မိတ်ဆက်စကားပြောသည်။
မုန့်
ဝယ်ကျွေး၏။ စကားတွေ အများကြီးပြော
ဖြစ်သည်။
မကြာခင် ရထားတွဲ ထိုးလာသည်။
သဉ္ဇာက ရုတ်တရက် "မမ သမီး အိမ်သာဝင်လိုက်ဦးမယ်နော် ခဏလေး"
ပြောပြောဆိုဆို ထိုအမျိုးသမီးထံ ခရီးဆောင်အိတ် ပေးလိုက်သည်။
သူစိမ်း
အမျိုးသမီးကလည်း "အေး သွားသွား စိတ်ချ မမစောင့်နေပါ့မယ်" တဲ့။
သဉ္ဇာ အိမ်သာက ပြန်လာတော့ သူစိမ်းအမျိုးသမီးမရှိတော့။
သဉ္ဇာ မျက်ရည်တွေ ကျလာသည်။
တာမွေရှိ အလုပ်ရှင်တို့ အိမ်ဆိုင်ကိုလည်း
မပြန်ရဲ။
တိုင်ရမှန်းလည်းမသိ။
ငိုနေချိန်မှာပဲ အသက် ၃၀ ကျော် အမျိုးသမီး တစ်ဦး အနားရောက်လာပြီး မေးမြန်း စုံစမ်းသည်။
ထိုအမျိုးသမီးအမည်
'သံပါးစပ်'ဟု နောက်မှ သိရ၏။
"ဟဲ့ ကလေးမ၊ နင် အလုပ်လုပ် မလား၊ နာရီပိုင်းလောက်ပဲ၊ နှစ်သောင်း ရမယ်နော်" တဲ့။
သဉ္ဇာ လွယ်လွယ်ပင် ခေါင်းညိတ် လိုက်ပြီ။
ခဏအကြာ အသက် ၄၀ လောက်ရှိ အငှားကားမောင်းသူ ယောက်ျားတစ်ဦးနှင့် တည်းခိုခန်း (ကြည့်
မြင်တိုင်ဟု ထင်သည်)သို့ ရောက်ခဲ့ရာက အစ။
အဲဒီ သံပါးစပ် ဆိုတဲ့ မိန်းမကနေ ပုဇွန်တောင် အောင်ဝင်း (ယခု ကားတိုက်ခံရ၍ ရူးသွပ်နေသည်ဟု ပြောသည်)၊ ယခုလက်ရှိ အတူတူ အဖမ်း
ခံထားရသည့် မင်းမင်းဆိုသူထံ
လက်ပြောင်းလက်လွှဲ ရောက်ခဲ့ခြင်းပင်။
သဉ္ဇာအတွက် အမှန်တကယ်ရသည့်
ငွေမှာ ခေါင်းပုံဖြတ်သူ ပြည့်တန်ဆာ
ခေါင်းထက် ငါးပုံတစ်ပုံမျှသာဖြစ်သည်။
အမှုကိစ္စပြီးရင် ရွာပြန် ဖက်ခူးတော့မည်ဟု သဉ္ဇာ ဆုံးဖြတ်ခဲ့ပြီး ရွာမှ သူငယ်ချင်းများကိုသာ သတိရနေမိခဲ့တော့သည်။