ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး၊လက်ဖွဲ့၊ဓာတ်လုံး စသည်တို့ကို ဥုံ အောင်း ဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။ လူတွေကလည်း နာမည်ကြီး ဂိုဏ်းပုဂ္ဂိုလ်ကြီးက ရွတ်ဆိုပေးသမျှကို ကွန်ပျူတာဂဏန်းစက်ကဲ့သို့ အချက်ကျမှန်မည်ဟု ဧကန်ယုံကြည်မှုဖြင့် လက်ဝါးလှန်၍ တောင်ခံနေကြကုန်၏။
ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင် ပေးသူများရှိနေသည်။ထိုပုဂ္ဂိုလ်ကြီးက တစ်ကျပ်တန် ငွေစက္ကူကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။ ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲသွင်းကာ သပ်ရပ်စွာ သိမ်းဆည်းထား လိုက်သည်။ ပြီးနောက် လက်ကိုင်အိတ်တွင်းမှ ၂၀၀ိ/-တန် ငွေစက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။လက်တွေ့မှာမူ သိဒ္ဓိတင် ပေးသောပုဂ္ဂိုလ်အတွက်၁၉၉ကျပ်အမြတ်ရသွားပြီ။ တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သောအလုပ်မှာ ဘယ်ဖက်စပ်ကုမ္ပဏီလုပ်ငန်းမှမရှိချေ။
လူတို့သည် ဘ၀နှင့်ဘ၀ခံစားမှု အတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။ အာသာရမ္မက် အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။ ယုံကြည်စရာကို ရှာဖွေလက်ခံနေကြသည်။ ယုတ္တိရှိမရှိကို အသိဥာဏ်ဖြင့် အမြင်မှန်မရနိုင်ခဲ့ကြပေ။