12/18/2011

မြင်သောသူ နှင့် မမြင်သောသူ

မြင်သောသူသည် မြင်သောသူကိုလည်း မြင်သည်၊ မမြင်သောသူကိုလည်းမြင်သည်၊ မမြင်သောသူသည် မြင်သောသူကိုလည်းမမြင်၊ မမြင်သောသူကိုလည်း မမြင်။

အောက်ကျနောက်ကျ

ဗုဒ္ဓဘာသာကြောင့်မြန်မာလူမျိုးများ အောက်ကျနောက်ကျဖြစ်နေရတာ မဟုတ်ဘဲ မြန်မာလူမျိုးကြောင့်သာ ဗုဒ္ဓဘာသာ အောက်ကျ နောက်ကျဖြစ်ရကြောင်း ပွင့်လင်းစွာပင် မိန့်မှာထားခဲ့သည်။

မူရင်း -  တောင်မြို့ဆရာတော်

ဓမ္မရတနာ

*****   ဓမ္မရတနာ ဆိုသည်မှာ  *****

ဗုဒ္ဓ၊ ဓမ္မ၊ သံဃ စတဲ့ ရတနာ သုံးပါးသည် ဗုဒ္ဓဘာသာဝင်တိုင်း ဆည်းကပ်ကိုးကွယ်ရာ၊ ကြည်ညိုပူဇော်ရာ၊ အမြတ်တနိုးထားရာ ရတနာသုံးပါး မဟုတ်ပါလော။ အဘယ့်ကြောင့် ရတနာနှင့် နှိုင်းယှဉ်ရသနည်း ဟု ဆိုလာလျှင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတို့၏ ကျေးဇူးဂုဏ်တို့အား တန်ဘိုး မဖြတ်နိုင် သောကြောင့်ပင်တည်း။


ဓမ္မ ဆိုသည်မှာ လောကကြီးတွင် တည်ရှိနေသော အမှန်တရား၊ သဘာဝတရား ဖြစ်သည်။ မြတ်စွာဘုရား မပွင့်ခင်ကတည်းကလည်း ရှိခဲ့သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်မှာလည်း ရှိခဲ့သည်။ မြတ်စွာ ဘုရား ပရိနိဗ္ဗာန် စံပြီးနောက်ပိုင်းတွင်လည်း ရှိနေသည်။ အချိန်တိုင်း၊ အမြဲတမ်း မှန်ကန်နေသော တရားသည် ဓမ္မပင် ဖြစ်ပေတော့သည်။


ရတနာကို ရတနာမှန်း မသိသောသူတို့သည် အဖိုးအနဂ္ဃ ထိုက်တန်လှသော ရတနာပုံအပေါ်သို့ ရောက်နေသော်ငြားလည်း ရတနာတို့၏ တန်ဖိုးကို မသိသဖြင့် မည်သို့ ထုတ်ယူသုံးစွဲခြင်းငှာ မစွမ်းနိုင် သကဲ့သို့ သံသရာ ၀ဋ်ဒုက္ခ ဆင်းရဲတွင်းမှ လွတ်ကင်းရာ နိဗ္ဗာန်လမ်းကို ပြညွှန်သော မြတ်ဗုဒ္ဓ၏ ဓမ္မတန်ဖိုးကို မသိကြကုန်သော သူတို့သည်လည်း ဗုဒ္ဓသာသနာတော်၏ အနှစ်သာရ တန်ဖိုးကို ထုတ်ယူသုံးစွဲ၊ ကျင့်ကြံအားထုတ်ခြင်းငှာ စွမ်းဆောင် နိုင်ကြလိမ့်မည် မဟုတ်ပေ။ ဓမ္မတန်ဖိုးကို ရတနာကဲ့သို့ အဖိုးတန်မှန်း သိသော ပုဂ္ဂိုလ်များသာလျှင် အဖိုးမဖြတ်နိုင်သော အေးချမ်းရာ နိဗ္ဗာန်ကို မသွေဖီ ရောက်ရှိကြပေတော့မည်။



12/11/2011

ကြက်အသည်း

ကြက်အသည်းစားသုံးခြင်းသည် အစာအဆိပ်သင့်မှု ဖြစ်ပေါ်စေခြင်းအားဖြင့် လူ၏ကျန်းမားရေးကို ခြိမ်းခြောက်နိုင်ကြောင်း ရောဂါကူးစက်မှုဆိုင်ရာ ဗြိတိသျှကျွမ်းကျင်ပညာရှင်များက ဦးဆောင်သည့် လေ့လာချက်အသစ်က ဖော်ပြလိုက်သည်ဟု သတင်းများတွင် ဖော်ပြသည်။

ဗက်တီးရီးယားများသည် အသည်းတစ်ခုလုံးတွင် ခိုအောင်းနိုင်ကြောင်း ၊ ကြက် ၊ ဘဲ ၊ ငန်းတို့၏ အသည်းများသည် အထူးသဖြင့် အန္တရာယ်များသော  Campylobacter  ဗက်တီးရီးယားတစ်မျိုးကို သယ်ဆောင်နိုင်သည်ဟု ပညာရှင်များက ပြောသည်။

ကြက် ၊ ဘဲ ၊ ငန်းတို့၏ အသည်းကို အပူချိန်လုံလောက်စွာမချက်ထားပါက ယင်းဗက်တီးရီးယားများသည်ကူးစက်ရောဂါ အဓိက လက်သည်ဖြစ်လာကြောင်း၊၂၀၁၀ ခုနှစ်တွင် အင်ဂလန် နှင့် ဝေလ၌ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပေါ်သည့်ရောဂါသည် ၆၀၀၀၀၀ ကျော်ရှိမည်ဟု ခန့်မှန်းနေစဉ်တွင် ဗြိတိန်ရှိ အစာအဆိပ်သင့်မှု အများစုမှာ Campylobacter   ဗက်တီးရီးယားပိုးကြောင့် ဖြစ်ကြောင်း သတင်းတစ်ရပ်က ဖော်ပြသည်။

အဆိုပါ ဗက်တီးရီးယားကြောင့် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းနှင့်ကြွက်တက်ခြင်း၊ နှာစေးခြင်းနှင့် အခြားနေမကောင်းခြင်းများ အပါအဝဝင် ရောဂါများဖြစ်ပေါ်စေပြီး အများစုမှာ ရက်အနည်းငယ်သာ ဖျားနာကြသည်။

မကြာသေးခင်နှစ်များကစ၍ ကြက်အသည်းစားသုံးမှု တဖြည်းဖြည်းမြင့်မားလာခဲ့ရာ အဆိုပါရောဂါများ ဖြစ်ပွါးမှုနှုန်းများပြားလာကြောင်း အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါကျွမ်းကျင်သူ ခရစ္စတင်လီတာကပြောသည်။ မကျက်တကျက် ချက်ထားသော စားသောက်ကုန်များက အစာအဆိပ်သင့်မှု ဖြစ်ပေါ်စေသည်ကို ပြည်သူများနှင့် စားသုံးကုန်ထုတ်စက်ရုံများသို့ သတိပေးရန်လိုအပ်ကြောင်း ၄င်းက ပြောသည်။


Ref: International News  837

11/27/2011

အသဲကွဲခြင်း

အချစ်ရေးအဆင်မပြေခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း ချစ်သူသေဆုံးခြင်း စသည်တိုကြောင့် လူတို့မှာ အသဲကွဲခြင်းဟုခေါ်သော စိတ်နှလုံးထိခိုက် ဝေဒနာကို ခံစားရသူများထဲတွင် အမျိုးသမီးများ ကျန်းမာရေးအထိခိုက်ဆုံးဖြစ်ကြောင်းလေ့လာတွေရှိရသည်။

လေ့လာမှုများအရ ပျော်ရွှင်မှုကြောင့်ဖြစ်စေ စိတ်နှလုံးထိခိုက်စရာကိစ္စကြောင့်ဖြစ်စေ စိတ်ကိုအထူးလှုံဆော်သောကိစ္စများနှင့် ကြုံလာသည့်အခါ လူနှလုံးသည်အတိုင်းအတာတစ်ခုအထိ ထိခိုက်ဒဏ်ရာရတတ်၍ ထိုသို့ ထိခိုက်ဒဏ်ရာရခြင်းမှ တဆင့်နှလုံးရောဂါအထိပါဖြစ်ပွါးတတ်ကြောင်း အမေရိကန်နိုင်ငံ အာကင်းဆတ် တက္ကသိုလ် မှ ဒေါက်တာ အဘီရှက်ဒက်ရှ်မက်၏ လေ့လာမှုအရ သိရသည်။

ထိုသို့ စိတ်ထိခိုက်ခံစားရသူများထဲတွင် အမျိုးသမီးများသည် နှလုံးရောဂါအဖြစ်များဆုံးဖြစ်ကြောင်းလည်း တွေ့ရသည်။

စိတ်မကောင်းစရာ ကိစ္စနှင့် ကြုံရသောအခါ စိတ်ဖိစီးမှုကို ဖြစ်စေသော အဒရီလင်နှင့် အခြားဟော်မုန်းများသည် ပမာဏအများအပြား ထွက်လာတတ်သည်။ထိုသို့ ထွက်လာသော ဟိုမုန်းများသည် နှလုံး၏ သွေးတွန်းထုတ်ရာ အခန်းကို ရုတ်ချည်း ဖောင်းတက်လာစေ၍ ပုံမှန်လည်ပတ်နေကျ စည်းချက်ကို ပျက်စေသည်။ထိုသို့ ပျက်သွားခြင်းကို နှလုံးဖောက်ပြန်၍ ရှော့ခ်ဖြစ်ခြင်းဟုခေါ်သည်။  

 အလွန်စိတ်ထိခိုက်စရာ နှင့် ကြုံရပါက ဟိုမုန်းများ ဆောင့်တက်ပြီး ထိုသို့ရှော့ခ်ဖြစ်တတ်သည်။ အထက်ပါကဲ့သို့ နှလုံးဖောက်ပြန်ခြင်းဒဏ်ကို ခံရသည့်ဝေဒနာရှင်များစာရင်းကို ဗြိတိန်နိုင်ငံတစ်ဝန်း ဆေးရုံတစ်ထောင်ကျော်တွင် စစ်တမ်းကောက်ယူခဲ့ရာ ဝေဒနာရှင် ၆၂၂၉ ဦးအနက် အမျိုးသား ၆၇၁ ဦးသာပါဝင်ပြီး ကျန်လူများမှာ အမျိုးသမီးများဖြစ်ကြောင်း တွေ့ရသည်။

ထိုအချက်ကို ကြည့်ရုံနှင့် အမျိုးသမီးများသည် စိတ်လှုံရှားမှုကြောင့် ဖြစ်ပွါးသည့် နှလုံးရောဂါကို အများဆုံးခံရသူများဖြစ်ကြောင်း ကောင်းကောင်းမြင်နိုင်သည်။

အမျိုးသမီးများသည် အမျိုးသားများထက် စိတ်ထိခိုက်မှုကြောင့် နှလုံးဖောက်ပြန်ချေသည် ၉ ဒသမ ၅ ဆ ခန့်အထိ ပိုများကြောင်းလည်း ဒေါက်တာ အဘီရှက်ဒက်ရှ်မက်၏ လေ့လာမှုအရသိရသည်။


Ref: Than Htite Soe ( Daily Mail )

လေထုညစ်ညမ်းမှုနှင့်အူအတက်ရောင်ခြင်း

ကနေဒါသပ္ပ္ပံပညာရှင်များက လေထုညစ်ညမ်းမှုသည် အူအတက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ကြောင်း ကနေဒါဆရာဝန်များအစည်းအရုံး၏ ဂျာနယ်တွင်ရေးသားဖော်ပြလိုက်သည်။

The University of Calgary မှ အစာအိမ်နှင့်အူလမ်းကြောင်းအထူးကု ဆရာဝန် Dr Gilaad G Kaplan နှင့်အဖွဲ့က ၁၉၉၉ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း Calgary ဆေးရုံသို့တက်ရောက်လာသော လူနာ ၅၁၉၁ ဦးအား စောင့်ကြည့်လေ့လာခဲ့ကြခြင်းဖြစ်သည်။

အူအတက်ရောင်ခြင်းကြောင့် ဆေးရုံတက်ရောက်လာသူ လူနာအရေအတွက်မှာ အပူဆုံးလများဖြစ်သော ဧပြီလနှင့် စက်တင်ဘာလများကြားတွင် ဖြစ်ကြောင်းတွေ့ရသည်။ ထိုအချိန်ကာလများတွင် လူများသည်နေအိမ်ပြင်ပသို့ အထွက်များပြီး လေထုညစ်ညမ်းမှုဒဏ်ကို ပိုမိုခံကြရသည်ဟုဆိုပါသည်။ဆေးရုံသို့လူနာအများအပြား မရောက်လာမီရက်ပတ်အတွင်း လေထုညစ်ညမ်းမှု အခြေအနေကို လေ့လာဆန်းစစ်ခဲ့ကြသည်။

လေထုတွင် အိုဇုန်းနှင့်ဟိုက်ဒရိုဂျင်ဒိုင်အောက်ဆိုက်မြင့်မားလာချိန်တွင် အူအတက်ရောင်ရောဂါကြောင့် ဆေးရုံတက်ရောက်လာသူ အရေအတွက်ပိုမိုများပြားလာခဲ့သည်ဟု သိပ္ပံပညာရှင်များကပြောကြားခဲ့သည်။

အူအတက်ရောင် ရောဂါဖြစ်မှူ့၌ အမျိုးသားများတွင် ပိုမိုနေကြောင်း တွေ့ရပြီး မည်သည့်အတွက် အမျိုးသားနှင့်အမျိုးသမီးတို့၌ ဖြစ်ပွားမှူ့မတူညီရသည်ကို အတိအကျ မသိနိုင်ဟု ဆိုပါသည်။

လေထုအတွင်းရှိ အညစ်အကြေးများသည် ရောင်ရမ်းမှုကို ဖြစ်စေနိုင်သဖြင့် အူအတက်ရောင်ရမ်းခြင်းကို စတင်ဖြစ်ပေါ်စေခြင်းဖြစ်မည်ဟု လေ့လာသူများက လက်ခံယူဆထားကြပါသည်။


Ref: Doctor Aye Kyaw

မိခင်နို့ရည်

မိခင်နို့ရည်သည် တစ်နေ့တာအတွင်းပြောင်းလဲမှုများရှိနေဟု စပိန်သုတေသနပညာရှင်များက ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုကြောင့် မိခင်များအနေဖြင့် မိမိတို့၏ ရင်သွေးငယ်များ နို့ချိုတိုက်ကျွေးသောအခါ တူညီသော အချိန်များ၌ တိုက်ကျွေးသင့်သည်ဟု ဆိုပါသည်။

သုတေသန ပညာရှင်များသည် နို့တိုက်မိခင် သုံးဆယ်ထံမှ နို့ရည်များကို တစ်နေ့တာအတွင်း ခြောက်ကြိမ်မှ ရှစ်ကြိမ်အထိ ထုတ်ယူလေ့လာစမ်းသပ် စစ်ဆေးခဲ့ကြသည်။တစ်နေ့တာအတွင်း နို့ရည်၌ပါဝင်မှုများ ပြောင်းလဲနေကြောင်းတွေ့ရသည်ဟုပြောကြားခဲ့သည်။

နျူကလီယိုဆိုဒ်သုံးမျိုး ( Adenosine , guanosine and Usine )  ပါဝင်မှုပြောင်းလဲလျက် ရှိကြသည်။အဆိုပါ နျူကလီယိုဆိုဒ်များသည် ဦးနှောက်နှင့် အာရုံကြောအဖွဲ့ကို လှုံ့ဆော်မှုပေးနိုင်ပြီး တစ်ချို့မှာ လျှော့ချမှုပြုနိုင်သည်။အိပ်စက်မှု အပေါ်လွမ်းမိုးမှုရှိကြောင်း တွေ့ရသည်။

နေ့အချိန်၌ ထွက်သော မိခင်နို့ရည်တွင် ကလေးငယ်၏ လှုပ်ရှားတက်ကြွမှုကို အားပေးစေသော ဓတ်ပစ္စည်းများပါဝင်ပြီး ညပိုင်းနို့ရည်တွင် ကလေးငယ်များအား အိပ်စက်အနားယူစေနိုင်သော ဓတ်ပစ္စည်းများ ပိုမိုပါဝင်ကြသည်။

The Chrononutrition  Laboratory ( University of Extromadura in Spain) မှ Cristina Samchoz ဦးဆောင်သော သုတေသနအဖွဲ့က လေ့လာတွေ့ရှိ ခဲ့ကြခြင်းဖြစ်သည်။

မိခင်များအဖို့ သားသမီးများအား နို့ချိုတိုက်ကျွေးရာတွင် တစ်နေ့တာအတွင်း အချိန်သတ်မှတ်၍ ပုံမှန်တိုက်ကျွေးသင့်ကြောင်း ဖော်ပြလိုက်ရပေသည်။



 Ref: Doctor Aye Kyaw


11/25/2011

သမုဒယ

ဆရာတော် တစ်ပါး ရဲ့ ဩဝါဒမှ --

လူသေလို့ ငို့တာလား  သမုဒယ ကြောင့် ငိုတာလား။

အယူအဆ

တစ်ချို့လူတွေက သေသွားတဲ့လူတွေရဲ့ အဝတ်အစား အသုံးအစောင်  ပစ္စည်းတွေကို  ခိုက်မှာစိုးတာရယ် စိတ်မသန့်တာရယ်၊ ဒါ့ကြောင့် တစ်ချို့တွေက အိမ်မှာမထားချင်ကျဘူး.၊ဒါပေမဲ့ ကွယ်လွန်သွားသူရဲ့ ကျန်ရစ်သော ရွှေငွေ တို့ကိုကျ တော့ ဘာကြောင့် ခိုက်မှာ မစိုးရိမ်၊ ဘာကြောင့် စိတ်သန့် ကျတာလဲ မသိဘူးနော်၊မကောင်း ကျောင်းပို့ ဆိုသလို ပို့လိုက်ကျ ပါတော့လား။  ပြီးတော့ အသုဘ အိမ်မှဖြစ်စေ၊ မသာပို့ပြီးပြန်လာသည့် အခါ၌ ဖြစ်စေ ရေတန်းချိုးရတာ အဝတ်အစား ချက်ခြင်းလျှော်ရ တာတွေ လုပ်ကျတယ်၊ ဈေးမှ ဝယ်လာတဲ့ ကြက် မသာ၊ ဝက် မသာ၊ နွား မသာ တွေကျတော့ ဘာမှ ပြသာနာ မရှိဘူးနော်၊ ကြက် မသာ ရဲ့ ခြေထောက်နှစ်ချောင်း ကို မိုးပေါ်ထောင်ပြီး အိမ်ကိုသယ်လာကျတယ်။ဒါကျတော့ ကောင်းတယ်ပေါ့။


Ref: ဆရာတော်တစ်ပါး မိန့်ကြားတဲ့ ဩဝါဒ ကိုပြန်လည် ဝေမျှပေးလိုက်ပါသည်။

11/23/2011

မဟာယာန ဟိနယာန ထေရဝါရ

မြန်မာတိုင်းရင်းသားအများစုသည်မိမိတို့ကိုယ်ကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖြစ်ခံယူထားကြပေးသည်။ ထို့ကြောင့် ထေရ၀ါဒ ဆိုသော ဝေါဟာရသည် မြန်မာတို့နားတွင်မစိမ်းတော့ချေ။

သို့ရာတွင်'ထေရ၀ါဒဆိုတာ ဘာလဲ၊ဘာကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာလို့ဝိသေသပြုပြီးခေါ်ဆိုရပါသလဲ'ဟု
မေးခွန်းထုတ်ကြည့်လျှင်ကား ဂဃနဏရေရေရာရာအဖြေပေးနိုင်သူဦးရေ နည်းပါးလှသေးကြောင်း
တွေ့ပေလိမ့်မည်။

အချို့က"ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ ငါတို့မြန်မာ၊သီရိလင်္ကာ၊ထိုင်း၊ကမ်ပူးချား၊လာအိုစတဲ့ တောင်ဘက်ခြမ်း နိုင်ငံတွေက ကိုးကွယ်တဲ့ တောင်ပိုင်းဗုဒ္ဓဘာသာပဲကွ။တရုတ်၊ဂျပန်၊နီပေါလ်၊တိဗက်၊ကိုရီးယား၊ဗီယက်နမ်၊ ဘူတန်၊ရုရှားစတဲ့ မြောက်ဘက်ခြမ်းနိုင်ငံတွေက ကိုး ကွယ်တဲ့ ဗုဒ္ဓဘာသာကိုတော့မြောက်ပိုင်းဗုဒ္ဓဘာသာလို့ခေါ်တယ်ကွ"ဟု ပထ၀ီအနေအထားပိုင်းခြား၍အဖြေပေးကြသည်။


အချို့ကမူ ထေရ၀ါဒဗုဒ္ဓဘာသာဆိုတာ 'ဟီနယာနဗုဒ္ဓဘာသာကိုပြောတာကွ၊ ဗုဒ္ဓဘာသာမှာ ကြီးကျယ်မြင့်မြတ် တဲ့လမ်း စဉ်လို့ အဓိပ္ပာယ် ရတဲ့ မဟာယာနဗုဒ္ဓဘာသာနဲ့
နိမ့်ကျတဲ့လမ်းစဉ်လို့ အဓိပ္ပာယ်ရတဲ့ ဟီနယာနဗုဒ္ဓ ဘာသာလို့နှစ်မျိုး ရှိတယ်။
ငါတို့မြန်မာနိုင်ငံက ဗုဒ္ဓ ဘာသာကတော့ ဟီနယာနဗုဒ္ဓဘာသာ(ခေါ်) ထေရ၀ါဒဗုဒ္ဓဘာသာပေါ့ကွ'

ဟုဆို သူကဆိုသည်။

ဤအဖြေစကားများသည် လက်ခံကျေနပ်ဖွယ်ရာ အကြောင်းမရှိချေ။ မည်သည့်ဘာသာအယူဝါဒကို ယုံကြည် သက်ဝင်သူ မဆို မိမိ ယုံကြည်သက်ဝင်ရာ အယူဝါဒကို အဘယ့်ကြောင့် ဤသို့အမည်သညာသတ်မှတ် ရသည်ဆိုခြင်းနှင့်
ယင်းအယူဝါဒ ၏သဘော အနှစ် သာရ အကျဉ်းချုပ်လောက်တော့ ရေရေရာရာ သိရှိ ထားသင့်ပေသည်။
ထိုသို့ မဟုတ်ပါကမိမိယုံကြည် သက်ဝင်ရာ ဘာသာအယူဝါဒ ဆိုင်ရာ လုပ်ငန်းများကို
လုပ်ဆောင်ရာတွင်ယင်းဘာသာအယူဝါဒလာ အဆိုအမိန့်များနှင့် ကိုက်ညီခြင်းရှိ-မရှိမည်သို့နှိုင်းချိန်နိုင်
ပါမည်နည်း။


ထေရ၀ါဒဗုဒ္ဓဘာသာဝင်ဆိုသူများ အနေနှင့်လည်း မိမိတို့၏ ဘာသာရေးဆိုင်ရာ လုပ်ရပ်များသည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ကိုက်ညီ နေပါ၏လော၊ သို့တည်းမဟုတ်သွေဖည်လမ်းချော်နေပြီလော ဆိုခြင်းကို
နှိုင်းဆချိန်ထိုးနိုင်ရန်အလို့ငှာထေရ၀ါဒ ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဝိသေသနှင့်
အနှစ်သာရအကျဉ်းချုပ်မျှကိုတင်ပြသွားပါမည်။


ထေရ၀ါဒဆိုရာတွင် 'ထေရ'ဟူသော ပါဠိဝေါဟာရကို'ထေရ်၊ မထေရ်'ဟူ၍ ပြန်ဆိုကြ၏။ မထေရ်ဟူသည်မှာ အနည်းဆုံး ဆယ်ဝါရပြီး သော ရဟန်းတော်ကိုဆိုလိုပေသည်။ ထေရ်ကြီးဝါကြီးဟုဆိုလျှင်ဝါတော်သိက္ခာတော်
ကြီးရင့်သည့် ရဟန်း တော်ကြီးများကို ဆိုလိုခြင်းဖြစ်ပေသည်။


'၀ါဒ'ဆိုသည်မှာကား အယူအဆ၊ခံယူချက်ကို ဆိုလိုသည်။


ထို့ကြောင့် 'ထေရ၀ါဒ'ဆိုသည်မှာ သီလ၊သမာဓိ၊ပညာနှင့် ပြည့်စုံတော်မူသည့် ၀ါတော်သိက္ခာတော် ကြီးရင့်သော ရဟန်းသံဃာတော်များ ၏ အယူအဆ၊ ခံယူချက်ဟုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေသည်။


သို့သော် ဤမျှဖြင့် ပြည့်စုံသောအဖြေကို မရနိုင်သေးချေ။ အဘယ်ကြောင့် ၀ါတော်၊သိက္ခာတော်ကြီးရင့်သော ရဟန်း တော်ကြီးများ၏ အယူအဆ၊ ခံယူချက်ဟုဆိုရပါသနည်း။ ၀ါတော်သိက္ခာတော် မကြီးရင့်သော ရဟန်း များ၏
အယူအဆ၊ ခံယူချက်ကောရှိနေပါသေး သလော ဟုထပ်ဆင့်မေးဖွယ်ရာ ရှိပေသည်။ဤမေးခွန်းကို
ဗုဒ္ဓသာသနာတော်သမိုင်းကြောင်း အကျဉ်းနှင့် ဆက်စပ်တင်ပြဖြေဆိုမှသာ ပြေလည်နိုင်မည်
ဖြစ်သည်။


ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်မပြုမီကပင် သံဃာတော်များအတွင်း၌ 'ဆွမ်းဆန်ထဲကြက်ချေးရော'ဆိုသကဲ့သို့ ဗုဒ္ဓချမှတ် ထားသည့် ၀ိနည်းသိက္ခာပုဒ်အချို့ကို ကျူးလွန်ဖောက်ဖျက်လိုသည့်
ရဟန်းဆိုးများရှိခဲ့သည်။ဗုဒ္ဓဘုရားရှင်ကို မလွန်ဆန်ဝံ့၍သာ နေခဲ့ရသည်။ ဗုဒ္ဓ၏
ဝိနည်းသိက္ခာပုဒ် များသည်မလိုအပ်ဘဲတင်းကြပ်လှသည်ဟု ယူဆကာ မကျေမချမ်းဖြစ်နေခဲ့ကြသည်။
ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်စံဝင်သည်နှင့် ထိုအုပ်စု ခေါင်းထောင်လာခဲ့ကြသည်။


"ရဟန်းကြီးဂေါတမသည် ငါတို့ကိုအရာရာတွင် ချုပ်ချယ်ခဲ့၏။ ယခုမူကား ငါတို့ပြုလိုရာ ပြုကြကုန်အံ့၊ မပြုချင် သည်ကို မပြုဘဲနေကြ ကုန်အံ့"ဟု ထုတ်ဖော်တိုင်ပင် လာကြတော့သည်။


ဤသည်ကို အရှင်မဟာကဿပ မထေရ်ကြီး အမှူးပြုသောရဟန္တာမထေရ်မြတ်ကြီးများ ကြားသိလေသော် အနာဂတ် သာသနာတော်အရေးအတွက် ရတက်မအေးဖြစ်ကြရသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏
ဓမ္မဒေသနာတော်တို့ကို အကျင့် ပျက်ရဟန်းများ ပြင်ဆင်၊ဖျက်သိမ်း၊အစားထိုးခြင်းမပြုစေဘဲ
မူလအတိုင်းစနစ်တကျ တည်ရှိနေစေရေးအတွက်အများ သဘောတူ ညှိနှိုင်းစိစစ်တည်းဖြတ်၍
တညီတညွတ်တည်းရွတ်ဆိုအတည်ပြုကြရန်(သင်္ဂါယနာ တင်ကြရန်) ဆုံးဖြတ် ကြသည်။


ထို့နောက် သာသနာသက္ကရာဇ် ၁ခုနှစ် (ဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက် တစ်နှစ်အတွင်း)တွင် အရှင်မဟာကဿပ၊ အရှင်ဥပါလိ နှင့် အရှင် အာနန္ဒာအမှူးပြုသော ၀ါတော်သိက္ခာတော်အကြီးရင့်ဆုံး ရဟန္တာမထေရ်မြတ်ကြီး
ငါးရာတို့သည် ဘုရင် အဇာတသတ်
အထောက် အပံ့ဖြင့် ရာဇဂြိုလ်ပြည်၌ ပထမအကြိမ် သင်္ဂါယနာတင်ရာတွင်
ဗုဒ္ဓမြတ်စွာ၏ ဓမ္မဒေသနာ တော်တို့ အနက်မှ ပုဂ္ဂိုလ်အားလျော်စွာဟော ကြားခဲ့သောနှုတ်ကပါဌ်တော်တို့ကို
သုတ္တန်ပိဋကတ် အဖြစ်လည်းကောင်း၊သံဃိက
အစည်းအရုံးဆိုင်ရာကျင့်ဝတ် စည်းကမ်းဥပဒေ များကို ၀ိနည်းပိဋကတ်အဖြစ်လည်းကောင်း၊နက်နဲသော သီဝရီ
သဘောတရားများကို အဘိဓမ္မာပိဋကတ
အဖြစ်လည်းကောင်းစနစ် တကျစီစဉ်ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။ ပမာဆိုရသော် ဗုဒ္ဓမြတ်စွာ၏
ဓမ္မဒေသနာပန်းပုံကြီးကို ပထမသင်္ဂါယနာတင် မထေရ်မြတ်ကြီး တို့ကပိဋကတ်သုံးပုံအဖြစ်
အစီအစဉ်တကျ သီကုံးပေးလိုက်ခြင်းပင်ဖြစ်ပေသည်။


ပထမသင်္ဂါယနာတင် ရဟန္တာမထေရ်မြတ်ကြီးများသည် သံဃာတော်များအနေဖြင့် ဗုဒ္ဓမြတ်စွာ မူလကပညတ်ခဲ့ သည်တို့ကို အသစ်တိုး ချဲ့ဖြည့်စွက်ခြင်းမပြုရန်၊ ဖြုတ်ပယ်ဖျက်သိမ်းခြင်းမပြုရန်နှင့် ပညတ်တော်
သိက္ခာပုဒ် စည်းကမ်းဥပဒေများကိုရိုသေစွာလိုက်နာ ကျင့်သုံး သွားကြရန်လည်း
တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပေသည်။
ဤသည်ကို အကျင့်ပျက် ရဟန်းများက မကျေနပ်ကြသော်လည်း ဓမ္မ၀ါဒီတို့အင်အားကောင်းနေချိန်ဖြစ်သဖြင့်
အဓမ္မ၀ါဒီတို့ ခွန်းတုံ့မပြန်ဝံ့ခဲ့ကြပေ။


သို့သော် သာသနာတော် သက္ကရာဇ်(၁၀၀)ပြည့်နှစ် ခန့်တွင်ကား အကျင့်ပျက်ရဟန်းများ ခေါင်းထောင်လာ ကြပြန်သည်။ အားပေးချီး မြှောက်မည့် အဓမ္မ၀ါဒီမင်းစိုးရာဇာများလည်း ပေါ်ပေါက်လာခဲ့သည်။
အဆိုပါအကျင့်ပျက်ရဟန်းများသည်ဝိနည်းသိက္ခာပုဒ်များကို ၄င်းတို့အလိုကျ ပြင်ဆင်၊
ဖြည့်စွက်၊
ဖျက်သိမ်းခြင်းများ ပြုလာကြတော့သည်။


ထို့ကြောင့် ဓမ္မ၀ါဒီရဟန္တာမထေရ်မြတ်ကြီးများမှာ မနေသာတော့ဘဲ အကျင့်ပျက်ရဟန်းတို့၏ မှားယွင်းသော အယူအဆ၊ ဟောပြောလုပ် ဆောင်ချက်များကို ထောက်ပြခဲ့ကြသည်။အဓမ္မ၀ါဒများကို ဖယ်ရှားသန့်စင်ကာ
မြတ်ဗုဒ္ဓ၏စစ်မှန်သော ဓမ္မဒေသနာတော်များဆက်လက် တည်တံ့နေရန်အလို့ငှာ အရှင်မဟာယဿ အမှူးပြုသောရဟန္တာမထေရ်မြတ်
၇၀၀တို့သည် သာသနာ သက္ကရာဇ်(၁၀၀)ပြည့်နှစ်တွင် ဝေသာလီပြည်၌ ကာလာသောကဘုရင်၏ အထောက်အပံ့ဖြင့်
ဒုတိယ သင်္ဂါယနာတင်ခဲ့ကြသည်။ ဒုတိယသင်္ဂါယနာတင် ရဟန္တာမထေရ်မြတ်ကြီးများသည် ပထမသင်္ဂါယနာတင် ရဟန္တာမထေရ်မြတ်ကြီးများ၏ အယူအဆနည်းတူ ဗုဒ္ဓဓမ္မ ဒေသနာတော်များကို
မူလ အတိုင်းဆက်လက်ခံယူ လိုက်နာကျင့်သုံးရန်တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
ဤဆုံးဖြတ်ချက်ကို အကျင့်ပျက်ရဟန်းတို့ကမနာခံကြသဖြင့် ၄င်းတို့အားသံဃာ့ကံပြုကာ ဗုဒ္ဓ၏
မူလသံဃိက အစည်းအရုံးမှအပြီးအပိုင်ထုတ်ပယ်လိုက်တော့သည်။

ဤတွင် အဓမ္မ၀ါဒီ အကျင့်ပျက်ရဟန်းတို့ကလည်း သူတို့အား ထောက်ခံသူများပြားသည့် ကောသမ္ဗီပြည်တွင် သွားရောက်စုရုံးပြီး ဗုဒ္ဓ ဒေသနာတော်များအား သူတို့အလိုကျပြင်ဆင်၊ဖြည့်စွက်မှုများ ပြုကာ စင်ပြိုင်သင်္ဂါယနာ
တင်ခဲ့ကြသည်။ သူတို့၏ သံဃာ့အစုအဝေးကို လည်း ကြီးကျယ်မြင့်မြတ်သော သံဃိကအစည်းအရုံး(၀ါ) မဟာသံဃိကဂိုဏ်းဟု
အမည်ပေးလိုက်ကြသည်။


ယင်းကာလမှစတင်၍ ဗုဒ္ဓဘုရားရှင်၏ မူလဓမ္မဒေသနာတော်တို့ကို ပြင်ဆင်၊ ဖည့်စွက်၊ဖျက်ဆီးခြင်းအလျဉ်းမပြုဘဲ အတိအကျ လိုက်နာ ကြရမည်ဟူသောရဟန္တာမထေရ်မြတ်ကြီးများ၏ အယူအဆအား ဆက်လက်ခံယူထားသည့်
သံဃာ့အဖွဲ့အစည်းကို ထေရ၀ါဒဂိုဏ်းဟုလည်းကောင်း၊
အဓမ္မ၀ါဒီရဟန်းများ ဦးဆောင်သည့် သံဃာ့အဖွဲ့အစည်း ကို မဟာသံဃိကဂိုဏ်းဟူ၍လည်းကောင်း
ခေါ်ဝေါ်လာခဲ့ကြ သည်။


ဒုတိယသင်္ဂါယနာတင်ခေတ် နောက်ပိုင်းတွင် ထေရ၀ါဒဂိုဏ်းအတွင်းမှပင် မူလဗုဒ္ဓ၀ါဒမှ သွေဖည်လိုသည့် ရဟန်းများက ထပ်မံခွဲထွက်ခဲ့ ကြပြန်ရာ ၀ဇ္ဇီပုတ္တာက၊မဟိသာသက၊
သဗ္ဗတ္တိဝါဒ
စသည့်ဂိုဏ်းခွဲ(၁၁) ခုပေါ်ပေါက်လာပြန်သည်။
မဟာသံဃိကဂိုဏ်းမှလည်း ဂိုဏ်းခွဲ ခြောက်ခု ထပ်မံကွဲသွားသည့်အပြင်သာသနာပတက္ကတွန်းများကလည်း
ဗုဒ္ဓသာသနာအတွင်း ၀င်ရောက်ဂိုဏ်းထောင်ခဲ့ရာ အန္ဓကအစရှိသည့်
ဂိုဏ်းခွဲကိုးခုပေါ်ပေါက်လာခဲ့ပေသည်။ ထေရ၀ါဒဂိုဏ်းမှအပအခြားဂိုဏ်းခွဲများသည်
သူတို့အလိုကျ သုတ္တန်အသစ်၊ ၀ိနည်းအသစ်၊အဘိဓမ္မာအသစ်များ တီထွင်ရေးသား
ဟောပြောလာခဲ့ကြသည်။


ယင်းတို့အနက် အချို့ဂိုဏ်းများသည် ဗြဟ္မဏ၀ါဒ၊ဂျိမ်းဝါဒ စသည့် သာသနာပအယူဝါဒများကို ဗုဒ္ဓ၀ါဒဆိုင်းဘုတ် အတွင်း ဆွဲသွင်းလာ ခဲ့ကြသည်။ ဂေါတမဗုဒ္ဓသည်ဗြဟ္မဏတို့ကိုးကွယ်ရာ
ဖန်ဆင်းရှင်မဟာအတ္တကြီး၏ ကိုယ်ပွား၊ဗိဿနိုးနတ်မင်း ၏လူဝင်စားတစ်ဦး
ဖြစ်သည်ဟုဆိုသူကဆိုသည်။ 'ဗုဒ္ဓသည် လူသားကဖြစ်သော ဘုရားမဟုတ်၊နဂိုကပင်
ဘုရားဖြစ်နှင့်ပြီး သား ထာဝရဘုရားဖြစ်သည်၊ သတ္တ၀ါတို့ အကျိုးအတွက်သူ၏တန်ခိုး အာနုဘော်တို့ကို ဂါထာမန္တန်များထဲ၌ ထည့်သွင်း ထားခဲ့ရာသူ၏ဂါထာမန္တန်များကို
ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် ဘေးရန်ကင်းမည်၊စီးပွားတိုးတက်မည်၊ ဂုဏ်တက်မည်၊
နောက်ဆုံး နိဗ္ဗာန်မဂ်ဖိုလ်ကိုပင်လွယ်လွယ်နှင့် ရကြလိမ့်မည်' ဟူ၍ ပြောသူက ပြောလာကြသည်။


ဗုဒ္ဓ၀ါဒကို နာမ်ဝါဒဖြစ်သည်ဟူ၍ လည်းကောင်း၊ ရုပ်ဝါဒဖြစ်သည်ဟူ၍ လည်းကောင်းကိုယ်သန်ရာသန်ရာဆွဲ၍ အဓိပ္ပာယ် ဖွင့်ဆို လာကြ သည်။တစ်နေ့တခြားဆိုးရွားလာသည့် အဓမ္မ၀ါဒီရဟန်းပျက်များကို သာသနာတော်အတွင်းမှသန့်စင်ပစ်ရန်
လိုအပ်လာတော့သည်။ ထို့ကြောင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်နှင့် ပါဋလိပုတ်ပြည့်ရှင် အသောကမင်းကြီးတို့သည်
ရဟန်းကောင်းနှင့် ရဟန်း ပျက်တို့ကို ခွဲခြားစိစစ်ကာ ထေရ၀ါဒီရဟန္တာအရှင်မြတ်
(၁၀၀၀)တို့ဖြင့် သာသနာ သက္ကရာဇ် ၂၃၅ခုနှစ်တွင် တတိယအကြိမ်သင်္ဂါယနာ တင်ခဲ့ကြသည်။
ဤတွင် ဘုရင့်အာဏာစက်ဖြင့် နှင်ထုတ်ခံရသောအဓမ္မ၀ါဒီရဟန်းပျက်များကလည်း အားကျမခံ
နာလန္ဒမြို့၌စုရုံးကာသူတို့၏အဓမ္မ၀ါဒကို တညီတညွတ်တည်းဖြစ်စေရန် ဒုတိယအကြိမ်မြောက်စင်ပြိုင်သင်္ဂါယနာ တင်ခဲ့ကြလေသည်။


မဇ္ဈိမဒေသတွင် မြတ်ဗုဒ္ဓ၏မူလသာသနာ အဓွန့်ရှည်ရန် မလွယ်ကူတော့ကြောင်း ရိပ်စားမိလာသည့် ထေရ၀ါဒီရဟန်းတော် မထေရ်မြတ် များသည် မြန်မာ၊သီရိလင်္ကာအစရှိသောကိုးတိုင်း၊ကိုးဌာနသို့
သာသနာပြုရဟန်းတော်များ စေလွှတ်ခဲ့သည်။ ယင်းသာသနာပြုရဟန်း တော်များ၏ ကျေးဇူးဖြင့်
သုဝဏ္ဏဘုမ္မိမှတဆင့် ကျွန်ုပ်တို့မြန်မာနိုင်ငံတစ်ဝန်း ထေရ၀ါဒဗုဒ္ဓသာ သနာတော်
ပြန့်ပွားထွန်းကားလာခဲ့ခြင်းပင်ဖြစ်သည်။


ဤနေရာတွင် အလျဉ်းသင့်၍ ဖော်ပြလိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာသည် ဟီနယာနဗုဒ္ဓဘာသာ မဟုတ်ခြင်း ပင်ဖြစ် သည်။ မဟာယာန (မဟာ=မြတ်သော+ယာန=ယာဉ်)၊ ဟီနယာန= (ဟီန=နိမ့်ကျသော+ ယာန=ယဉ်) ဟူ၍ခွဲခြားသောအယူအဆသည်
မူလပင်မ ဗုဒ္ဓ ဘာသာဖြစ်သည့် ထေရ၀ါဒဂိုဏ်းမှ ထုတ်ပယ်ခြင်းခံရသောမဟာသံဃိက၊ အန္ဓက၊၀ဇ္ဇီပုတ္တက၊ မဟိသာသက၊ သဗ္ဗတ္တိဝါဒ စသည့် ဂိုဏ်းခွဲ များအကြားအယူဝါဒ
ရေးရာငြင်းခုံမှုမှ ပေါ်ပေါက်လာခြင်း သာဖြစ်သည်။


မဟာယာနတို့က မိမိတို့ကိုယ်ကို ဘုရားအလောင်းတော် ဗောဓိသတ္တများအဖြစ်ခံယူကြ၏။ သံသရာတစ် လျှောက်လုံး ပါရမီဖြည့်ကျင့်ကာ ဘုရားအဖြစ်နှင့်ဝေနေယျသတ္တ၀ါအပေါင်းကို ကယ်တင်ချွေချွတ်ပြီးမှ နိဗ္ဗာန်သို့
စံဝင်ကြရမည်ဟုဆိုသည်။ သူတို့၏ ကြီးကျယ်မြင့်မြတ် သော ဘုရားအလောင်းလမ်းစဉ်ကိုလက်မခံသည့်
သဗ္ဗတ္တိဝါဒဂိုဏ်းသားများ၊ သတ္တန္တိဂိုဏ်းသားများနှင့်ဝိဉာဏဂိုဏ်းသားအချို့အား နိမ့်
ကျသော သာဝကလမ်းစဉ်လိုက်သည့်ဟီနယာနဂိုဏ်းသားများ ဟု ခေါ်ဝေါ်ပညတ်ရာမှ ဤအသုံးအနှုန်းတွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။


မဟာယာနနှင့် ဟီနယာနတို့ ဂိုဏ်းကွဲချိန်တွင် အိန္ဒိယနိုင်ငံ၌ ထေရ၀ါဒဗုဒ္ဓဘာသာ ကွယ်ပျောက်သွားခဲ့ပြီးဖြစ်ရာ မဟာယာန၊ ဟီနယာန ဆိုသည့် အသုံးအနှုန်းများသည်ထေရ၀ါဒနှင့် မည်သို့မျှမသက်ဆိုင်ချေ။ထေရ၀ါဒဗုဒ္ဓဘာသာသည်
အိန္ဒိယနိုင်ငံတွင် ကွယ်ပျောက်သွားခဲ့သော်လည်း မြန်မာ၊သီရိလင်္ကာ၊ထိုင်း၊ကမ်ပူးချား၊
လာအိုး စသည့် နိုင်ငံ များသို့ပျံ့နှံ့သွားခဲ့သည်။ သာသနာ သက္ကရာဇ်(၄၅၀)တွင်
သီရိလင်္ကာနိုင်ငံ၌ စတုတ္ထ သင်္ဂါယနာတင်ခဲ့ရာ ပိဋကတ်သုံးပုံအား ပေထက် အက္ခရာတင်ခဲ့သည်။သာသနာသက္ကရာဇ်(၂၄၀၀)တွင်
မြန်မာနိုင်ငံ မန္တလေးရတနာပုံနေပြည် တော်၌ပဉ္စမသင်္ဂါယနာတင်ခဲ့ရာ ပိဋကတ် သုံးပုံကို
ကျောက်ထက်အက္ခရာတင်ခဲ့ပြီးသာသနာသက္ကရာဇ်(၂၅၀၀)တွင် ရန်ကုန်မြို့၌ ဆဌသင်္ဂါယနာတင်ကာ
ပိဋကတ်သုံးပုံကိုပုံနှိပ် ကျမ်းစာအုပ်များအဖြစ် ထုတ်ဝေနိုင်ခဲ့သည်။


ထေရ၀ါဒမဟုတ်သည့် အခြားဂိုဏ်းခွဲများမှာကား သာသနာ သက္ကရာဇ်(၆၀၀)ပြည့်နှစ်တွင် ကက်ရှမီးယားဒေသ၌ တတိယနှင့် နောက်ဆုံး အကြိမ်အဖြစ် သင်္ဂါယနာတင်ခဲ့ကြသေးသည်။ ယင်းနောက်တွင်ကားမဟာယာန၊ ဟီနယာန
စသည်ဖြင့် ဂိုဏ်းခွဲအမျိုးမျိုး၊ အဘိဓမ္မာ အသွယ်သွယ်ကွဲပြားသွားရာ
မည်သို့မျှပြန်လည်စုစည်း၍ မရတော့ချေ။ သို့သော်ယင်းတို့၏အယူအဆ အတွေးအခေါ်
အကျင့်အကြံများ သည် ယခုတိုင်အောင် ခေတ်အဆက်ဆက်ထေရ၀ါဒအတွင်း
စိမ့်ဝင်ထိုးဖောက်ဖျက်ဆီးမှုများ ရှိခဲ့ပေသည်။


ဗုဒ္ဓရုပ်ပွားတော်များ၊ဗောဓိသတ္တရုပ်ထုများကို ပုံသဏ္ဍာန်အမျိုးမျိုး၊ မုဒြာ(လက်အနေအထား) အမျိုးမျိုးဖြင့် အမည် အမျိုးမျိုး ပေးကာ လောကီအကျိုးစီးပွားအတွက်သိဒ္ဓိတင်အစီအရင်များပြုလုပ်ခြင်း၊ ဂါထာမန္တန်အမျိုးမျိုး
တီထွင်ရေးစပ်ကာလောကီအကျိုးစီးပွားအတွက် ရွက်ဖတ်ခြင်း၊ ဗေဒင်ယတြာဓာတ်ဆင်ဓာတ်ရိုက်ပြုလုပ်ခြင်း၊
ဂြိုဟ်များ၊ နက္ခတ်တာရာ များကို ပူဇော်ခြင်း၊၀ိဇ္ဇာဓိုရ်များ၊နတ်ဗြဟ္မာများ၊ ဒေ၀ီများ
စသည်တို့ကို ကိုးကွယ်ပသခြင်း
စသည့်လုပ်ရပ်များသည် မဟာ ယာန၊မန္တရ၊တန္တရဂိုဏ်းသားတို့၏ သြဇာလွှမ်းမိုးလာသည့်ပြယုဂ်များပင်ဖြစ်သည်။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအနေဖြင့် ဗုဒ္ဓဘုရားရှင်ဟောကြားခဲ့သည့် "မိမိကိုယ်ကို မိမိသည်သာ အားထားရာ" (အတ္တာဟိ အတ္တနော နာထော) ဆိုသည့်ဒေသနာတော်နှင့် "ခပ်သိမ်းသောတရားတို့သည် အနှစ်ကင်း၍အစိုးမရသည်သာတည်း" (သဗ္ဗေဓမ္မာ အနတ္တာ) ဟူသည့် ဒေသနာတော်တို့ကိုသဘောပေါက်ထားပါက
မိမိလုပ်ဆောင်သည့် ဘာသာရေးဆိုင်ရာ ကိစ္စအ၀၀တွင် အခြားတစ်ပါးသော အယူဝါဒများ၏
နှောင့်ယှက်လွှမ်းမိုးမှုမှလွတ်ကင်းနိုင်မည်ဖြစ်သည်။


သတ္တ၀ါမှန်သမျှသည် ကံတည်းဟူသော မိမိပြုခဲ့ဘူးသောအလုပ်၊ ဉာဏ်တည်းဟူသော မိမိကိုယ်တိုင် ဆင်ခြင်တွေးခေါ် ကြံဆမှု၊ ၀ီရိယ တည်းဟူသော မိမိ၏ ကြိုးပမ်းအားထုတ်မှုတို့အပေါ် မူတည်၍သာမျက်မှောက်ဘ၀၌ ကောင်းကျိုး၊ ဆိုးပြစ် ခံစားနေရခြင်းဖြစ်သည်။မည်သည့်ဖန်ဆင်းရှင်၊ တန်ခိုးရှင်၊ နတ်၊ဗြဟ္မာ၊၀ိဇ္ဇာဓိုရ်၊ရုပ်တုဆင်းတု၊အင်းအိုင်၊ခါးလှည့်၊
လက်ဖွဲ့၊ ယတြာ၊ဂါထာမန္တရား၊ဂြိုဟ် နက္ခတ်တာရာ ကမှ မိမိ၏ကံကြမ္မာကို
ဖန်တီးမပေးနိုင်ပေ။ ဤသည်ကို ကောင်းစွာ သိမြင်တော်မူသော ဗုဒ္ဓဘုရားရှင်က
မိမိကိုယ်ကို မိမိမှ တစ်ပါး အားထားရာမရှိဟုပြတ်သားစွာ လမ်းညွှန်ဆုံးမခဲ့ ခြင်းဖြစ်
သည်။ လောကတွင် နောက်ထပ်တစ်ဖန်ထပ်မံဖြိုခွဲ၍မရသော မိမိ အလိုအတိုင်းအစိုးရနေသော
အမာခံအမြုတေ အနှစ်သာရဟူ၍မရှိကြောင်း သိပ္ပံပညာကလည်း လက်ခံလာရပြီဖြစ်သည်။
ထို့ကြောင့်ထာဝရမဖောက်မပြန်တည်မြဲနေသော ဖန်ဆင်းရှင်၊ ဘုရားသခင်၊ မဟာဗြဟ္မာ၊ အတ္တမန်၊နတ်ဒေ၀တာ၊
ဝိဇ္ဇာဓိုရ်ဟူ၍လည်းမရှိချေ။


ထို့ကြောင့် ဤလောကသည် မတည်မြဲ (အနိစ္စ)၊ ဆင်းရဲ၏(ဒုက္ခ)၊အနှစ်ကင်း၍ အစိုးမရ(အနတ္တ) ဟူသောဗုဒ္ဓ၏ဒေသနာတော်ကို ယုံကြည်လက်ခံ၍ ဤလောကမှ လွန်မြောက်လိုပါသည်ဆိုလျှင်မိမိကိုယ်ကိုမိမိမှတစ်ပါး အားထားရာ အခြားကယ်တင်ရှင် တစ်စုံတစ်ဦးကိုမျှော်လင့်စောင့်စားနေ၍
မရချေ။ မိမိကိုယ်ကို အစိုးမရသော ဤလောကတွင်တစ်စုံတစ်ယောက်သောသူက အခြား တစ်ပါးသော သူတို့အားအစိုးရ၍
ကယ်တင်နိုင်သူဟူ၍လည်းမရှိချော။ ထို့ကြောင့်ဤလောကမှ ကျော်လွှားလွန်မြောက်ရာ
လောကုတ္တရာဉာဏ်၊မဂ်ဖိုလ်အမှန်ကို ရလိုသည်ဆိုပါက မိမိအားမိမိကိုးကာမိမိ၏ခန္ဓာငါးပါးတို့
ဖြစ်ပုံပျက်ပုံ အ၀၀ကို မပြတ်သော သတိဖြင့် ၀ိပဿနာဉာဏ်ထင်အောင် ရှုမှတ်ဆင်ခြင်ရန်သာ
ဖြစ်ပေသည်။ အကယ်၍လောကီဘ၀တွင်သာကျင်လည် လိုပါသေးသည် ဆိုလျှင်လည်း အထူး
ပြောဖွယ်ရာမရှိ၊ မိမိကံကြမ္မာကိုမိမိသာဖန်တီးရမည်ဖြစ်ပေရာ မိမိ၏ ကံ၊ဉာဏ်၊၀ီရိယမှတစ်ပါး အခြားပြင်ပပယောဂတစ်စုံတစ်ရာကို
ယုံကြည်အားထားရန် လုံးဝမလိုအပ်ချေ။


ဤမျှဆိုလျှင် ထေရ၀ါဒဟူသော ၀ိသေသဝေါဟာရ၏ အဓိပ္ပာယ်၊ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင် တိုင်း ခံယူ အပ်သည့် ဗုဒ္ဓဒေသနာတော်အချုပ်တို့ကိုသိမြင်လောက်ပေပြီ။ သိမြင်သည့်အလျောက်
မိမိကိုယ်ကိုမိမိ ထေရ၀ါဒဗုဒ္ဓဘာသာဝင်စစ်မှန်ပါ ၏လောဆိုသည်ကိုလည်း အစစအရာရာ
စိစစ်သုံးသပ်သင့်ပေပြီ။


မိမိ၏ ဘာသာရေးဆိုင်ရာ လုပ်ဆောင်ချက်အ၀၀သည် ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီ သွေဖည်နေပါက အချိန်မီပြုပြင် ကြရပေမည်။ မိမိပတ်ဝန်းကျင်တွင်ပြုပြင်သင့်သည်များကို
တွေ့ရှိပါကလည်း စွမ်းအားရှိသလောက်ကူညီပြုပြင်ပေးကြစေလိုသည်။ သို့မှသာ မိမိလည်း အကျိုးရှိသာသနာတော်အကျိုးလည်း
သယ်ပိုးရာရောက်ပြီး ဗုဒ္ဓမြတ်စွာ၏ ကျေးဇူးတော်အနန္တကို တတ်စွမ်း သမျှပေးဆပ်ရာ ရောက်မည်
ဖြစ်ကြောင်း တင်ပြလိုက်ရ ပေသတည်း။




အငို

လူ့ဘဝသည် ငိုချင်းဖြစ်သာ အစပြု၍ ငိုချင်းဖြစ်သာ အဆုံးသတ်သည်။

11/22/2011

ဘိုးတော် မယ်တော် ကိုးကွယ်မှု

မြန်မာနိုင်ငံတွင် ဂိုဏ်းလုပ်ငန်းကို လိုက်စား၍ ဘိုးတော် မယ်တော် အမည်ခံသူများလည်း ရှိသည်။ ထိုပုဂ္ဂိုလ်များသည် အိန္ဒိယမှလာသော ဂိုဏ်းကျင့်စဉ်တို့ကို လေ့ကျင့်လျက် ဘိုးတော် အမည်ခံနေသူများ ဖြစ်သည်။ ထိုဘိုးတော်ဆိုသူတို့ကို ထွက်ရပ်ပေါက်သူ၊ သိဒ္ဓိမြောက်သူ၊ လူတို့၏ ဒုက္ခကို ကယ်တင်နိုင်သူ ဖြစ်သည်ဟု ဆိုကာ ကိုးကွယ်သူများလည်း ဒုနှင့်ဒေး ရှိသည်။

မြန်မာနိုင်ငံတွင် ဘိုးတော်အဖြစ်ဖြင့် နာမည်ကြီးသွားသူများလည်း ရှိသည်။ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရှင်အဇ္ဇဂေါဏ၊ ဗားမဲ့ဘုန်းကြီး၊ ရက်ကန်းစင်တောင်စသော ပုဂ္ဂိုလ်တို့ ဖြစ်သည်။

ယနေ့ခေတ်တွင်လည်း မြန်မာနိုင်ငံ၌ ဘိုးတော်နှင့် ဘိုးတော်ဖြစ်အောင် လုပ်နေသော ဂိုဏ်းဆရာများ ဆက်လက် ပေါ်ပေါက်နေသည်။မိမိကိုယ်ကို ဘိုးတော်အမည်ခံသူလည်း ရှိသည်။ ဘိုးတော်အမည်မခံသော်လည်း ဘိုးတော်အလုပ်ဖြစ်သော ဂိုဏ်းလုပ်ငန်းကို ဆရာတစ်ဆူ လုပ်နေသူတို့လည်း ရှိသည်။

ဂိုဏ်းဆရာဆိုသူ အချို့တို့သည် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ ဆာဒူး၊ သူရဿတီ၊ ဒေ၀ီ ၂၁-ပါး၊ အတွင်း ၃၇-မင်း၊ အပြင် ၃၇-မင်း၊ ပေါက်ဆရာ၊ စေဆရာ အမျိုးမျိုးကို ကိုးကွယ် နေကြသည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။ သို့ဖြစ်၍ ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ အရိပ်ကို ခိုလှုံ၍ ဂိုဏ်းလုပ်ငန်းကို ပြုလုပ်ကြသည်။ ဗုဒ္ဓ၏ ဓမ္မဒေသနာတို့ကို သိဒ္ဓိပေါက် လုပ်ငန်းထဲသို့ သွတ်သွင်း၍ အသုံးချကြသည်။ ဖြူစင်သော ဗုဒ္ဓဘာသာကို ညစ်နွမ်းအောင် အရောင်လွှမ်းပေးနေကြသည်။

ဂိုဏ်းဆရာအမည်ခံ ဘိုးတော်အချို့တို့သည် ဓာတ်ကျသည်ဟုဆိုကာ ဓာတ်ဘုရားများကို တည်ထားကြသည်။ ဘုရားဘွဲ့တော်ကိုလည်း သိဒ္ဓိဝေါဟာရ ပါအောင် မှည့်ခေါ်ကြသည်။ စေ၊ အောင်၊ ကပ်ကျော် စသော ဝေါဟာရတို့ဖြင့် ခေါ်ဆိုကြသည်။

ဂိုဏ်းဆရာ အချို့တို့သည် ဗုဒ္ဓဘာသာ ပရိယတ်၊ ပဋိပတ် လုပ်ငန်းနှင့် မပတ်သက်သော အလုပ်များကိုသာသနာပြုလုပ်ငန်းကြီးသဖွယ် ရေးကြီးခွင်ကျယ် ကြွေးကြော်အော်ဟစ်လျက် နိုင်ငံတုန်အောင် လုပ်ဆောင်နေကြကုန်၏။သာဝကဂိုဏ်းဝင်ဟုဆိုသော နောက်လိုက် နောက်ပါတို့လည်းအင်အားထုထယ်နှင့် ရှိနေပြီ။

- အတွေးအခေါ် ချည့်နဲ့သော ခေတ်ပညာတတ်များ ၊
- ဆင်ခြင်ဥာဏ် အားနည်းသော စီးပွားဓနရှင်များ၊
- အသိပညာ နုန့်နဲ့သော လူပြိန်းများ၊
- စိတ်ကူးယဉ်ဘ၀ကို မျှော်လင့်သော လောဘရှင်များ-
စသည်ဖြင့် အမျိုးအစား စုံလှပေသည်။

ဂိုဏ်းလုပ်ငန်းကို ယုံကြည်သူတို့သည် ဂိုဏ်းဆရာကြီး၏ သြ၀ါဒကို တစ်သဝေမတိမ်း လိုက်နာကြသည်။ ပြောသမျှကို နားထောင်သည်။ ခိုင်းသမျှကို လုပ်ဆောင်သည်။ ဤသို့ လိုက်နာသဖြင့် သိဒ္ဓိတန်ခိုး အမျိုးမျိုးတို့ ဝေဖြိုးတိုးတက်လာမည်ဟုယုံကြည်သည်။

ထိုသူတို့သည် မိမိတို့၏ ဆရာကြီးကို အစွမ်းထက်သော သိဒ္ဓိရှင်ကြီးဟူ၍ ထင်မှတ်ကြ သည်။ ထိုသိဒ္ဓိရှင်ကြီးအား ထောက်ပံ့လှူဒါန်းခြင်းဖြင့် လက်ငင်း လက်တွေ့ အကျိုးကောင်းတရားများ ရရှိလာမည်ဟု အထင်ရှိကြသည်။ ထို့ကြောင့် စီးပွားဓနရှင်တို့သည် ငွေကြေးများစွာဖြင့် လှူဒါန်း ပူဇော်ကြသည်။ ဆင်းရဲသားများကလည်း တတ်အားသရွေ့ ဖျစ်ညှစ်ပြီး လှူဒါန်းကြသည်။

ဂိုဏ်းဆရာကြီးတို့သည် ရရှိလာသော ငွေကြေးများဖြင့် ဓာတ်ဘုရားများကို တည်ထား ကြသည်။ သိဒ္ဓိရုပ်ပွားများကို ပူဇော်ကြသည်။ နတ်ရုပ်အမျိုးမျိုးကို ပြုလုပ်ကြသည်။ ၀ိဇ္ဇာရုပ်များ ထုလုပ်သည်။ ဘိုးတော်ရုပ်များ သွန်းလောင်းသည်။ ဂြိုဟ်ရုပ်များကို ဖန်တီးသည်။ ဤသို့ဖြင့် ဂိုဏ်း၏တည်ရာ ဌာနတို့၌စိတ်ကူးယဉ် ရုပ်စုံပြတိုက်ကြီးများ ဖြစ်နေ၏။ သာမန် လူပြိန်းတို့၏ စိတ်တွင် အထင်ကြီးစရာ သရုပ်ပြ အမွှမ်းတင်များ ဖြစ်နေလေသည်။

ဤကဲ့သို့ သရုပ်ပြ အမွှမ်းတင်များ လုပ်ပြနိုင်သောကြောင့် ဂိုဏ်းဆရာတို့လည်း ပို၍ တန်ခိုးကြီးလာသည်။ အီဂျစ်နှင့် ဆူမာရီယန်တို့ခေတ်က နတ်တို့ တန်ခိုးကြီးမှုသည် လူတို့က အားပေးမှုကြောင့် ဖြစ်သကဲ့သို့ ဂိုဏ်းဆရာတို့ တန်ခိုးကြီးမှုမှာလည်း လူအများက အားပေးနေသောကြောင့် ဖြစ်ပေသည်။

ဂိုဏ်းဆရာတို့သည် လူတို့၏ ၀ိုင်းဝန်းအားပေးမှုကြောင့် စိတ်ကြံရာ ပြီးစီးနိုင်သော စိန္တာမယိဒ္ဓိ တန်ခိုးကို ရရှိသွား၏။ ရွှေငွေရတနာကို ရရှိနိုင်သော ဓနသိဒ္ဓိကို ရရှိသွား၏။ ဤသည်မှာ လူများက လုပ်ပေး၍ ရရှိသော သိဒ္ဓိများ ဖြစ်သည်။

သို့ရာတွင် မြေလျှိုးနိုင်သော သိဒ္ဓိမျိုးကိုမူ တီကောင်လောက်ပင် စွမ်းရည် မရှိကြ။ အာကာသသိဒ္ဓိခေါ် မိုးပျံနိုင်သည့် ပညာမျိုးမှာလည်း ခြင်တစ်ကောင်လောက်မျှ မတတ်နိုင်ကြပေ။ ဓားလှံ သေနတ်ပြီးသည်ဆိုသော ကာယသိဒ္ဓိ အောင်မြင်ဖို့ကား ဝေးစွ။ ဆူးစူးသည်ကိုပင် ခံနိုင်ရည် မရှိသော သိဒ္ဓိရှင်ကြီးများ ဖြစ်ချေသည်။

လူတို့သည် အခြေအနေမှန်ကို မစဉ်းစားကြ။ သဘောတရားမှန်ကို မဆင်ခြင်တတ်ကြ။ ဘိုးတော်ဂိုဏ်းဆရာတို့က မ စ လိမ့်မည်ဟု ယုံကြည်စွဲမှတ် နေကြသည်။ နေ့ချင်း ညချင်း ကြီးပွားအောင် လုပ်ပေးနိုင်လိမ့်မည်ဟူသော လောဘရမ္မက်အမြင်ဖြင့် ဇွတ်ဝင်၍ ချဉ်းကပ်နေကြသည်။ တကယ်တော့ ဘိုးတော်ဂိုဏ်းဆရာတို့သည် လူတစ်ဦး၏ ကံကြမ္မာကို ဖန်တီးပေးနိုင်သူ မဟုတ်ပေ။ လူတို့သည် မိမိတို့၏ ကံကြမ္မာကို မိမိသာလျှင် ဖန်တီးနေကြရသည်။

သို့ပါလျက် မလိုလားအပ်သော ယုံကြည်မှုများကို ရောထွေး လက်ခံပြီးလျှင် ဘိုးတော်ထံ သွား၍ အချိန်ကုန်ကြသည်။ မယ်တော်ထံ သွား၍ အချိန်ဖြုန်းကြသည်။ အချိန်၏ တန်ဖိုးကို မှန်ကန်စွာ အသုံးမချတတ်ကြ။ အမျှော်လွန် အလုပ်ဖြင့် အချိန်ကုန်နေကြသည်။ အတွေးလွန် ဘ၀ကိုတမ်းတနေကြသည်။ အချောင်သမားဘ၀ကို မက်မောနေကြသည်။

အလုပ်နှင့် အလုပ်၏အကျိုးဆက်တရားတို့ကို လွဲမှားစွာ နားလည်နေကြသည်။ကမ္မဿကထာ၊ သမ္မာဒိဋ္ဌိကို လက်ခံသော ဗုဒ္ဓဘာသာဝင်ဟူ၍ အမည်ခံထားသော်လည်း တန္တရဆန်သော စိတ္တဇအာရုံအလုပ်ဖြင့် အချိန်ပုပ်နေကြ၏။

ထေရ၀ါဒဗုဒ္ဓဘာသာသည် စင်ကြယ်သော ဘာသာဖြစ်၏။ သန့်ရှင်းသော ၀ါဒဖြစ်၏။ မှန်ကန်သောအယူရှိ၏။ မိမိတို့၏ လောကီလောကုတ် တိုးတက်မှုကို မိမိကိုယ်တိုင် ကြိုးစားယူကြရသည်။ ဘယ်ဘိုးတော် မယ်တော်တို့ကမှ ဓာတ်ချ၍ မစနိုင်မည်မဟုတ်။ မိမိတို့၏ အကျိုးစီးပွားကို ဗုဒ္ဓဘုရားဟောကြားသော သမ္ပဒါ တရားဖြင့် ရိုးသားစွာ ကြိုးစားရမည်သာ ဖြစ်လေသည်။

ထေရ၀ါဒဗုဒ္ဓဘာသာ၊ အရှင်ဧသိက
စာ - ၁၃၀

11/20/2011

ပစ္စုပ္ပန်ကမ္မ၀ါဒနှင့် အယူဝါဒကွန်ရက်

         ကိုယ်လေးစားတဲ့သူ, ကိုယ်နှစ်သက်တဲ့ အယူအဆကို ချီးမွမ်းပြောဆိုရင်လည်း နှစ်သက် ၀မ်းမြောက်တတ်ကြပါတယ်။ အမျက်ဒေါသထွက်နေသူဟာ တစ်ဖက်က ဝေဖန်မှုရဲ့ ကောင်းဆိုးမှားမှန်ကို မပိုင်းခြားနိုင်သလို၊ အဆင်ခြင်မဲ့ နှစ်သက် ၀မ်းမြောက်ပြီး မာန်တက်နေတာလည်း မကောင်းပါဘူး။ (ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)။


အသေးစိတ်အချိန်ပေး မဖတ်နိုင် (မဖတ်လို) ပေမယ့် အနည်းဆုံး ပစ္စုပ္ပန်ကမ္မ၀ါဒဟာ ဘယ်လိုဝါဒမျိုးလဲလို့ အဓိပ္ပါယ်ပေါ်ယုံ သယံဝသီရဲ့ http://sayamvasi.googlepages.com/toe-bookspage မှာတင်ထားတဲ့ စာအချို့ကို ဖတ်ခဲ့ပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒဟာ နိကာယ်ငါးရပ်က ဒေသနာတွေနဲ့ ဘယ်လို ကွဲပြားခြားနားနေသလဲဆိုတဲ့ အချက်တွေ၊ အနက်အဓိပ္ပါယ် ကောက်ယူမှု ကွဲလွဲချက်တွေကိုပဲ ဦးစားပေး ဖတ်ခဲ့ပါတယ်။ ဒုတိယအနေနဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒီတွေက ဘာကြောင့် ဒီလိုယူဆရသလဲ, ဘယ်အယူအဆတွေရဲ့ သြဇာသက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းရင်းဇစ်မြစ်နဲ့ ရည်ရွယ်ချက်တွေကို ရှာကြည့်ခဲ့ပါတယ်။


ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ သိသာထင်ရှားပြီး အရေးပါတယ်လို့ ယူဆရတဲ့ အချက်တွေကတော့
၁။ နတ်, ဗြဟ္မာ, ငရဲ, ပြိတ္တာစတဲ့ ပရလောကကို လက်မခံပါ။
၂။ ရှေးဘ၀, နောက်ဘ၀ကို လက်မခံပါ။
၃။ ပစ္စုပ္ပန် မျက်မှောက်ဘ၀မှ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံအဖြစ်သတ်မှတ်ပါတယ်။
၎။ ဒီမှာလည်း လူ-လူချင်းဆက်ဆံရေးမှ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံအဖြစ်သတ်မှတ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်သတ်တာဟာ ပါဏာတိပါတ မဟုတ်၊ အစိုးရပစ္စည်းခိုးတာဟာ အဒိန္နာဒါနကံ မမြောက် စသဖြင့် ယူဆပါတယ်။
၅။ ကံ၏ အကျိုးဝိပါတ်ဆိုတာဟာ ကံကို ပြုစဉ်က ကိုယ်စိတ်တို့အတိုင်း ထပ်မံဖြစ်ပွားနေခြင်းလို့ ယူဆပါတယ်။
၆။ ရူပ, အရူပဆိုတဲ့ ဈာန်တရားတွေကို အတ္တကိလမထာနုယောဂ အစွန်းဟုသတ်မှတ်ထားပါတယ်။
၇။ ရုပ်နမ်တို့၏ ဖြစ်ပျက်ကို ရှုပွားခြင်းသည် တရားမဟုတ်။ ကိုယ်နှုတ်စိတ် အမှားမဖြစ်အောင် နေခြင်းကသာ တရားဖြစ်တယ်လို့ ယူဆပါတယ်။
၈။ သံသရာအတွင်းမှာ လူ-သတ္တ၀ါတို့ လည်ကြခြင်းမဟုတ်ပဲ လူ-သတ္တ၀ါအတွင်းမှာ သံသရာတို့ လည်ကြခြင်း ဖြစ်တယ်။ ပဋိစ္စသမုပ္ပါဒ်ဟာ သုံးဘ၀လည်တာမဟုတ်။ ဒီဘ၀အတွင်းမှာ လည်တာသာ ဖြစ်တယ်။
၉။ ငါက အနတ္တမဟုတ်ဘူး၊ ငါတို့ ထင်ထားတဲ့ (လူဟု ထင်ထားသည့်) ပဉ္စုပါဒါနက္ခန္ဓာတွေကိုသာ အနတ္တလို့ဟောတာ။ သက္ကာယဒိဋ္ဌိပျောက်သွားရင် ငါသက်သက် (လူသက်သက်, အတ္တသက်သက်)ပဲ ကျန်တယ်လို့ ယူဆကြပါတယ်။


အခြားသော ကွဲပြားခြားနားမှုတွေ အများအပြားရှိသေးပေမယ့် ဒီအချက်တွေလောက်နဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ ကောက်ကြောင်း ပေါ်လောက်ပါတယ်။ (ထေရ၀ါဒ ရဟန်းတော်များနဲ့ ကမ္မဋ္ဌာန်းရိပ်သာများအပေါ် စွတ်စွဲဝေဖန်ထားမှုတွေရှိပေမယ့် အခြေအမြစ်သိပ်မရှိပဲ ပုဂ္ဂိုလ်ရေးဆန်ဆန်သာဖြစ်လို့ အကျိုးမများတဲ့အတွက် ပြန်လည်မဖော်ပြတော့ပါဘူး။ အယူဝါဒ သက်သက်အပေါ်မှာပဲ သုံးသပ်ပြလိုပါတယ်။)


သိပ္ပံထွန်းကားလာတဲ့ ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာဝင်များအကြား ကာလာမသုတ်လို ဒေသနာမျိုးတွေ ရေပန်းစားလာပါတယ်။ ရှေးရိုးစဉ်လာ ယုံကြည်မှုတွေကို စိန်ခေါ်ချင် လာကြပါတယ်။ အထူးသဖြင့် အနောက်တိုင်းစာပေနဲ့ ထိတွေ့ခွင့်ရသူတွေက ဘာသာတရားကို သိပ္ပံပညာဆိုတဲ့ ပေတံနဲ့ တိုင်းထွာ ကြည့်ချင်လာကြပါတယ်။ ဥရောပမှာ ဘုရားကျောင်းတွေနဲ့ ထာရ၀ဘုရားသခင်ရဲ့ လောင်းရိပ်အောက်က လူသားတန်ဖိုးကို ဆွဲထုတ်ပြီး လူသားဝါဒကို ကြွေးကြော်ခဲ့ကြတယ်။ ဒီလို လှုပ်ရှားမှုမျိုးတွေကို အတုယူချင် လာကြပါတယ်။ ရှင်ဥက္ကဋ္ဌရဲ့ “လူသေလူဖြစ်ဝါဒ” ဟာ သိပ္ပံပညာက ဒြဗ်ထုတည်မြဲမှုနိယာမ, ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ်သီအိုရီ, လူသားဝါဒ စတာတွေကို ဗုဒ္ဓ၀ါဒနဲ့ ပေါင်းစပ်ဖို့ ကြိုးပမ်းရင်း သိပ္ပံနည်းလည်းမကျ၊ ဗုဒ္ဓ၀ါဒမှလည်း သွေဖီသွား ပါတယ်။


ယခုပစ္စုပ္ပန်ကမ္မ၀ါဒမှာလည်း “လူသားဝါဒ”ကို ရှေ့တန်းတင်လိုတဲ့ သဘောမျိုး တွေ့ရပါတယ်။ တကယ်တော့ ဗုဒ္ဓ၀ါဒဟာ ဖန်ဆင်းရှင်ကို လက်ခံတဲ့ဝါဒမျိုး မဟုတ်တဲ့အပြင် ရခဲလှတဲ့ လူသားရဲ့ ဘ၀တန်ဖိုးကို အလွန် အလေးထားတဲ့အတွက် အထူးတလည် လူသားဝါဒကို ပွဲထုတ်နေစရာ မလိုတော့ပါဘူး။ ဒါပေမယ့် ပစ္စုပ္ပန်ကမ္မ၀ါဒမှာ လူကို လွန်လွန်ကျုးကျုး နေရာပေးထားတာ တွေ့ရပါတယ်။ လူ-လူချင်း ဆက်ဆံရာမှာ ပြုမူတဲ့လှုပ်ရှားမှုတွေကသာ ကံအစစ်ဖြစ်တယ်။ လူမဟုတ်တဲ့ တိရစ္ဆာန်သတ်ခြင်းဟာ ပါဏာတိပါတမဟုတ် စသဖြင့် ခံယူထားပါတယ်။


လူသေလူဖြစ်ဝါဒလို သိပ္ပံပညာက သဘောတရားတွေကို ယူသုံးမထားသော်လည်း ပစ္စုပ္ပန်ကမ္မ၀ါဒတစ်ခုလုံးဟာ Common Sense ဆိုတဲ့ သဘောတရားကို အခြေခံထားတာတွေ့ ရပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒက “မည်သည့်ဘာသာဝါဒ, ဒဿနကမှ မှီခို ကူးချ ယူဆောင် ထုတ်နှုတ်ထားခြင်းမဟုတ်တဲ့ ကိုယ်တိုင် သိမြင်ချက်များ” လို့ ကြေညာကာ “သာမညသဘောတရားကျမ်း” ကို အကျယ်တ၀င့် ရေးသားထားပါတယ်။ ဒဿနဆန်ဆန် ဝေါဟာရအသုံးအနှုန်းတွေ သုံးပြီး စာမျက်နှာ ၁၀၀ ကျော် ရေးသွားပေမယ့် အာရုံခံအင်္ဂါငါးပါးနှင့် ကိုယ်တိုင်သိသော သာမညအသိဆိုတဲ့ Common Sense ပါပဲ။ Common Sense ကိုသာ ဦးစားပေးတဲ့ ၀ါဒကို ဒဿနလောကမှာ Naïve Realism လို့ခေါ်ပါတယ်။ အထူးအဆန်း မဟုတ်ပါဘူး။ မြက်ဟာ စိမ်းတယ်, ကျောက်ခဲဟာ မာတယ်, နှင်းဟာ အေးတယ်စတဲ့ ခပ်ရိုးရိုးမြင်တဲ့ လူပြိန်းအမြင်မျိုးကို ဆိုတာပါ။ ယေဘုယျအားဖြင့် ကြည့်ရင် ဒီလို ခပ်ရိုးရိုး မြင်ခြင်းဟာ မလွဲနိုင်တဲ့ ပစ္စက္ခဖြစ်တယ်, ဒိဋ္ဌဓမ္မအမြင် ဖြစ်တယ်လို့ ယူဆရပေမယ့် Quantum Mechanics ပေါ်လာတဲ့ ဒီနေ့ခေတ်မှာ သာမာန် ပဉ္စာရုံသိဟာ ပကတိအရှိတရားနဲ့ အလှမ်းကွာသွားပြီလို့ သိပ္ပံပညာရှင်တွေက လက်ခံကြပါတယ်။ ဒီဝါဒနဲ့ ပတ်သက်ပြီး Betrand Russell က “Naive realism က ရူပဗေဒကို ဦးဆောင်တယ်။ ရူပဗေဒက Naive realism မှားကြောင်း ပြခဲ့တယ်။ ဒါကြောင့် Naive realism က မှားပါတယ်” လို့ An Inquiry Into Meaning and Truth ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ဖူးတယ်။ သိပ္ပံပညာဟာ စဉ်းစားဆင်ခြင်တွေးခေါ်မှုမပါပဲ အာရုံသိသက်သက်နဲ့တော့ ရှေ့ဆက် မတိုးနိုင်ပါဘူး။ မြတ်စွာဘုရားဟာ ဒီ Common Sense ပေါ်အခြေခံပြီး ဟောကြားထားတဲ့ (ဥပမာ ကာလာမသုတ်, အပဏ္ဏသုတ်တို့လို) သုတ္တန်တွေ အများအပြားရှိပါတယ်။ ဒါပေမယ့် ဒီလိုသုတ္တန်အများစုဟာ အဆင့်မြင့်တဲ့ သစ္စာလေးပါးတရားတွေကို လက်ခံနိုင်စွမ်းမရှိသေးတဲ့ (တွေဝေနေသေးတဲ့) သူတွေကို ဟောကြားခဲ့တာ များပါတယ်။ ဒီသုတ္တန်တွေမှာလည်း တမလွန်ဘ၀ကို လက်ခံခြင်းဟာ အကျိုးမယုတ်ကြောင်းကို ဟောကြားခဲ့ပါတယ်။ အာရုံခံအင်္ဂါငါးပါးဖြင့် သိမြင်တဲ့ သာမာန်အသိထက် မနောဝိညာဏ်ဖြင့်သိတဲ့ အသိမျိုးကိုပဲ ဗုဒ္ဓဘာသာက ဦးစားပေး ပါတယ်။ ပညာဟာ မနောဝိညာဏ်ပေါ်မှာ ဖြစ်ပေါ်ပြီး ထိုးထွင်းသိခြင်း, ပိုင်းခြားသိခြင်း, ကိလေသာကို ပယ်သတ်ခြင်းစတဲ့ အကျိုးတွေရှိတယ်လို့ ရှင်သာရိပုတ္တရာမထေရ် ဟောကြားခဲ့ပါတယ်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ စူဠယမက၀ဂ်၊ မဟာဝေဒလ္လသုတ်)


ပစ္စုပ္ပန်ကမ္မ၀ါဒဟာ ဘာကြောင့် Common Sense ကိုရွေးချယ်ခဲ့ပါ သလဲ။ ဗုဒ္ဓက ဓမ္မဟာ စဉ်းစားတွေးခေါ်ခြင်း၏ ကျက်စားရာမဟုတ် “အတက္ကာဝစာရော” လို့ ဟောကြားခဲ့တာကြောင့် တစ်ကြောင်း၊ သာမာန်အာရုံသိနဲ့ မမြင်နိုင်တဲ့ ရှေ့ဘ၀, နောက်ဘ၀, နတ်, ဗြဟ္မာ, ငရဲ စတာတွေကို ငြင်းပယ်လိုတာကြောင့် တစ်ကြောင်းလို့ ယူဆရပါတယ်။ ဒါကြောင့် ပစ္စုပ္ပန်ကံဟာ “ထုံးပုံးထဲ လက်နှိုက်ရင် ဖြူပြီး၊ ကတ္တရာပုံးထဲ လက်နှိုက်ရင် မဲသလို” ပစ္စုပ္ပန်မှာပဲ အကျိုးပေးတယ်လို့ ယူဆပါတယ်။ စင်စစ် ပစ္စုပ္ပန်ကမ္မ၀ါဒဟာ လူသေပြီး လူမဖြစ်တော့တာကလွဲရင် လူသေလူဖြစ်ဝါဒရဲ့ ကံအယူအဆနဲ့ ခပ်ဆင်ဆင် တူပါတယ်။ တကယ်တော့ အနောက်တိုင်းသား အများစုဟာလည်း ဗုဒ္ဓအဆုံးအမကို လက်ခံလိုကြပေမယ့် ဘ၀တစ်ဖန်ဖြစ်ခြင်းဆိုတဲ့ အယူအဆကို ငြင်းပယ်လိုကြပါတယ်။ သို့မှသာ Common Sense နဲ့ကိုက်ညီပြီး သဘာဝကျတဲ့ ကမ္မ၀ါဒဖြစ်မယ်လို့ ယူဆကြပါတယ်။ သဘာဝလွန် နတ်ဗြဟ္မာလောကတွေကို လက်မခံ, သေလွန်ပြီး ပြန်ဖြစ်သောဘ၀ကို လက်မခံတဲ့ ပစ္စုပ္ပန်ကံဝါဒမျိုးဟာ ဗြဟ္မဏ၀ါဒနဲ့ ဂျိန်းဝါဒတို့ရဲ့ ကံဝါဒထက်တော့ ပိုပြီးသင့်တော် လိမ့်မယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် ဗုဒ္ဓက ဘာသာအယူဝါဒအကျင့်တွေကို ဝေဖန်ပြတဲ့အခါ ပရလောကကို ငြင်းပယ်တဲ့ဝါဒတွေကို မမြတ်သောဘာသာတရား (အဗြဟ္မစရိယ) တနည်းအားဖြင့် မှားယွင်းတဲ့ ဘာသာတရား False Religion လို့ သတ်မှတ်ပါတယ်။ ဒီအယူဝါဒမျိုးကို စွဲမြဲစွာ ကျင့်သုံးခဲ့ရင် မဂ်ဖိုလ်မရနိုင်၊ သေလွန်လျှင် မုချ အပါယ်သို့လားစေမည့် နိယတမိစ္ဆာဒိဋ္ဌိ အမြင်ဖြစ်တယ်။ ဗြာဟ္မဏ၀ါဒနဲ့ နိဂဏ္ဍနာဋပုတ္တရဲ့ ဂျိန်းဝါဒတွေကိုတော့ သက်သာရာ မရစေနိုင်တဲ့ ဘာသာတရား (အနဿာသိက ဗြဟ္မစရိယ) Unsatisfactory Religion လို့သာ ဟောကြားခဲ့ပါတယ် (မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ သန္ဒကသုတ်)။


ပစ္စုပ္ပန်ကမ္မ၀ါဒဟာ Common Sense နဲ့ “လူ” ဇောင်းပေးလွန်းတဲ့အတွက် ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်းကို အပိုအလုပ်လို့ မြင်ပါတယ်။ စိတ်တည်ငြိမ်အောင် ချုပ်တည်းတဲ့ ဈာန်တရားတွေကို အတ္တကိလမထာနုယောဂလို့ သတ်မှတ်ပါတယ်။ ရုပ်နာမ်တို့၏ ဖြစ်ပျက်ရှုပွားခြင်းဟာ တရား မဟုတ်ဘူးလို့ ယူဆပါတယ်။


ဒီတော့ ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ လာရာလမ်းကြောင်းကို ပြန်ကောက်ရရင် သာမညအသိ (၀ါ) သာမာန်လူပြိန်းအသိနဲ့ လူကသာ ပဓာနကျတယ်ဆိုတဲ့အချက်ကို အခြေခံထားတဲ့ ဥစ္ဆေဒ၀ါဒ, နိတ္ထိက၀ါဒ နိယတမိစ္ဆာအယူအဆသာ ဖြစ်ပါတယ်။ တမလွန်ဘ၀နဲ့ သံသရာကို လက်မခံတဲ့အတွက် ဗုဒ္ဓအဆုံးအမသာသနာရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ သံသရာမှ ထွက်မြောက်ခြင်း ချမ်းသာ (၀ိမုတ္တိသုခ) ကိုလည်း မရနိုင်ပါ။ တမလွန်တွင် အပါယ်ဘေးမှ လွန်မြောက်သော ချမ်းသာ (သမ္ပရာယိကသုခ) ကိုလည်း မရနိုင်ပါ။ အစိုးရပစ္စည်း ခိုးယူခြင်းသည် အဒိန္နာဒါနာကံ မမြောက် စသဖြင့်ခံယူတဲ့အတွက် မျက်မှောက်ဘ၀ ကိုယ်ကျင့်သီလ စာရိတ္တမဏ္ဍိုင်ကိုပင် အထောက်အကူ မပြုနိုင်ပါဘူး။ သူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချမှုကိုလည်း မလွတ်နိုင်ပါဘူး။ သမာဓိနဲ့ ၀ိပဿနာကိုလည်း ပစ်ပယ်ထားတဲ့အတွက် ဗုဒ္ဓ၀ါဒရဲ့ သီလ, သမာဓိ, ပညာဆိုတဲ့ သိက္ခာသုံးရပ်လုံးနဲ့ ဆန့်ကျင်နေပါတယ်။


***** ******
ဗုဒ္ဓ၀ါဒနှင့် နှိုင်းယှဉ်ချက်


ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ အယူအဆများဟာ ဗုဒ္ဓ၀ါဒနဲ့ ကွဲပြားခြားနားကြောင်းကို အထက်ကပြောခဲ့တဲ့ အချက် (၉) ချက်ပေါ်မူတည်ပြီး (အဋ္ဌကထာအဖွင့်များ မပါပဲ) ဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့တဲ့ မူရင်းနိကာယ်ငါးရပ်မှ အကျဉ်းချုပ် ကောက်နှုတ်ချက်များနှင့် နှိုင်းယှဉ်ပြပါမယ်။


တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယ ဒုဂ္ဂတိံ ၀ိနိပါတံ နိရယံ ဥပပန္နာ။
တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂ လောကံ ဥပပန္နာ။


နိကာယ်ငါးရပ်လုံးထဲက သုတ္တန်အတော်များများမှာ “အကြင်သူသည် ကိုယ်ပျက်စီး၍ သေလွန်သော် အပါယ် မကောင်းသောလားရာ (ဒုဂ္ဂတိ) သို့ ကျရောက်၍ ငရဲ၌ ဖြစ်ရ၏”… “အကြင်သူသည် ကိုယ်ပျက်စီး၍ သေလွန်သော် ကောင်းရာ (သုဂတိ) နတ်လောက၌ ဖြစ်ရ၏” ဆိုတဲ့ ၀ါကျများ တွေ့ရပါတယ်။ “ကိုယ်ပျက်စီး၍ သေလွန်ပြီးနောက် (ကာယဿ ဘေဒါ ပရံ မရဏာ)” ဆိုတဲ့ အသုံးအနှုန်းအရ အပါယ်ကျခြင်း, နတ်ဖြစ်ခြင်းတို့ဟာ ဒီမျက်မှောက်လူ့ဘ၀မှာပဲ ဆင်းရဲခြင်း, ချမ်းသာခြင်းတွေကို တင်စားပြောနေဆိုခြင်း မဟုတ်ကြောင်း ထင်ရှားပါတယ်။


ပစ္စုပ္ပန်ကမ္မ၀ါဒီတို့ကိုးကားတဲ့ မဟာသီဟနာဒသုတ်မှာလည်း ဒီအသုံးအနှုန်း ပါဝင်ပါတယ်။ အဲဒီသုတ်ထဲမှာ ငရဲ (နိရယ), တိရစ္ဆာန်, ပြိတ္တာ (ပေတ္တိဝိသယ), လူ (မနုဿ), နတ် (ဒေ၀ါ) ဆိုတဲ့ ဂတိငါးမျိုးကို ဖော်ပြထားပြီး ဒီဂတိငါးမျိုးဟာ သေလွန်ပြီးမှ ရောက်ရတယ်ဆိုတာ အထင်အရှား ဖော်ပြထားပါတယ်။ ဒီလို လားရာဂတိတွေကို ရောက်သွားပြီး ဆင်းရဲချမ်းသာကို ခံစားနေရတာကို ကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်တဲ့ ဒိဗ္ဗစက္ခုဉာဏ်ရှိကြောင်း ဟောကြားထားပါတယ်။ (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သီဟနာဒ၀ဂ်၊ မဟာသီဟနာဒသုတ်) ဒါကြောင့် ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ “သုံးဆယ့်တစ်ဘုံဆိုတာ ပစ္စုပ္ပန်လူ့ဘ၀ထဲမှာပဲ ကျင်လည်နေရတာ” ဆိုတဲ့ အယူအဆတွေဟာ ဗုဒ္ဓ၀ါဒနဲ့ မကိုက်ညီပါဘူး။


အနမတဂ္ဂေါယံ, ဘိက္ခဝေ, သံသာရော။ ပုဗ္ဗာ ကောဋိ န ပညာယတိ အ၀ိဇ္ဇာနီဝရဏာနံ သတ္တာနံ တဏှာသံယောဇနာနံ သန္ဓာဝတံ သံသရတံ။ (နိဒါန၀ဂ္ဂသံယုတ်ပါဠိတော်၊ အနမတဂ္ဂသံယုတ်မှ သုတ္တန်များ)


ရဟန်းတို့… ဤသံသရာ၏ အစကို မသိနိုင်၊ အ၀ိဇ္ဇာဖြင့် ပိတ်ဖုံးကာ တဏှာဖြင့် နှောင်ဖွဲ့ထား၍ သံသရာကို ကျင်လည်နေကြသော သတ္တ၀ါတို့၏ အစဦးအစွန်းသည် မထင်။


နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် အနမတဂ္ဂသံယုတ်မှာ သံသရာသည် အစမထင်ဟု ဟောကြားခဲ့ပါတယ်။ အကယ်၍ ပစ္စုပ္ပန်ကမ္မ၀ါဒက ယူဆထားသည့်အတိုင်း “လူသည် သံသရာတွင်ကျင်လည်ခြင်း မဟုတ်ပဲ၊ သံသရာသည် လူပေါ်တွင် ကျင်လည်နေကြခြင်း” သာမှန်ပါက သံသရာသည် အစမထင်သော အနမတဂ္ဂ မဟုတ်။ ထို့အပြင် “မရေတွက်နိုင်သော အမိ, အဖ တော်ခဲ့ဖူးသူများ ရှိခဲ့သည်။ သမုဒ္ဒရာလေးစင်းမကသော မျက်ရည်တို့ ကျခဲ့ဖူးသည်။ မရေတွက်နိုင်သော ကမ္ဘာပေါင်းများစွာမက သံသရာရှည်ကာ သချိုင်းမြေပုံတို့ တိုးခဲ့ဖူးသည်” စသဖြင့်သော ဥပမာများဖြင့် ဟောကြား ထားပါတယ်။ အနမတဂ္ဂသံယုတ် တစ်ခုတည်းဖြင့်ပင် ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ သံသရာအယူအဆဟာ ဗုဒ္ဓ၀ါဒ မဟုတ်ကြောင်း ထင်ရှားလောက်ပါတယ်။


“အရာရာဟာ ရှေးဘ၀ကပြုခဲ့တဲ့ ကံတွေကြောင့်ဖြစ်ရတာ, ယခုဘ၀မှာ အရင်ဘ၀က ကံတွေက အကျိုးပေးနေကြတာ”လို့ ယူဆတာမျိုးကို ဗုဒ္ဓက အယူမှား ပုဗ္ဗေကတဟေတုဒိဋ္ဌိ (ရှေးကပြုသော အကြောင်းဟူသည့် အယူ)လို့ ဟောကြားခဲ့တာ မှန်ပါတယ်။ ဒီလို အယူဝါဒရှိသူတွေဟာ “မိမိတို့ လုပ်သင့်သည်တို့အား လုပ်ဆောင်ရန်၊ မလုပ်သင့်သည်တို့အား မလုပ်ရန်အတွက် ဆန္ဒနှင့် ကြိုးပမ်းအားထုတ်မှုတို့ ဖြစ်ပေါ်မလာနိုင်။ လုပ်သင့်, မလုပ်သင့်ကိုလည်း မှန်ကန်စွာ မသိမြင်၍၊ သတိထား စောင့်ထိန်းခြင်းလည်း ပြုမည် မဟုတ်တော့။” လို့ ဗုဒ္ဓက မိန့်ကြားခဲ့ဖူးပါတယ် (အံ-၃-၆၂၊ အင်္ဂုတ္တရနိကာယ်၊ မဟာဝဂ်၊ တိတ္ထာယတနသုတ်)။ ဒါဟာ မျက်မှောက်ဘ၀မှာပြုတဲ့ ပစ္စုပ္ပန်ကံတွေ, ကြိုးစားအားထုတ်မှုတွေ, အခြားသောအကြောင်းတရားတွေကို ငြင်းပယ်ရာ ရောက်လို့ ဖြစ်ပါတယ်။ အရာရာဟာ ကံရဲ့ အကျိုးဝိပါက်တွေ မဟုတ်ပါဘူး။ ရောဂါတစ်ခုရတာဟာ ကံကြောင့် ဖြစ်နိုင်သလို၊ ရာသီဥတုဖောက်ပြန်လို့, သွေး လေ သည်းခြေ ဖောက်ပြန်လို့, ကိုယ့်ကိုကိုယ် ဂရုမစိုက်လို့, သူတစ်ပါးက လုပ်ကြံလို့ စတဲ့ အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရာရာ ဖြစ်ပျက်သမျှမှာ ကံကို ပုံချတာဟာ ပုဗ္ဗေကတဟေတုဝါဒပဲလို့ ဗုဒ္ဓက ဟောကြားထားပါတယ် (သံ-၄-၂၆၉၊ သဠာယတန၀ဂ္ဂသံယုတ်၊ ဝေဒနာသံယုတ်၊ အဋ္ဌသတပရိယာယ၀ဂ်၊ သီဝကသုတ်)။


သို့သော်လည်း အတိတ်ကံတွေကို လုံးဝပစ်ပယ်ခြင်း မပြုပါဘူး။ အတိတ်ကံဟောင်းတွေက မျက်မှောက်ဘ၀ပေါ်မှာ လွမ်းမိုးမှုရှိသလို ပစ္စုပ္ပန်ကံသစ်တွေက မျက်မှောက်ဘ၀နဲ့ နောင်ဘ၀များအတွက် လွှမ်းမိုးမှုရှိပါတယ်။ သတ္တ၀ါတွေကို ညှင်းဆဲတဲ့သူဟာ သေလွန်ပြီးရင် အပါယ်, ငရဲ ကျရောက်ရတယ်။ မရောက်ခဲ့လို့ လူဖြစ်ရင် အသက်တိုမယ်။ အနာရောဂါများမယ်။ တမလွန်ဘ၀မှာ အသက်, စည်းစိမ်ချမ်းသာ, အချွေအရံစသဖြင့် ကွဲပြားခြားနားမှုတွေဟာ မျက်မှောက်ဘ၀ ကံတွေရဲ့ အကျိုးပေးတွေပါ။ (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ၀ိဘင်္ဂ၀ဂ်၊ စူဠကမ္မ၀ိဘင်္ဂသုတ်) ထို့အတူပဲ မျက်မှောက်ဘ၀ကံတွေရဲ့ အကျိုးကို မျက်မှောက်ဘ၀မှာဖြစ်စေ, နောက်ဘ၀၌ဖြစ်စေ, အခြားသောဘ၀များ၌ ဖြစ်စေ ခံစားရတယ်လို့ ဟောကြားထားပါတယ် (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ၀ိဘင်္ဂ၀ဂ်၊ မဟာကမ္မ၀ိဘင်္ဂသုတ်)။ ဒါကြောင့် ပစ္စုပ္ပန်မှာပြုမူတဲ့ လှုပ်ရှားမှုများကသာ ကံဖြစ်တယ်။ ပစ္စုပ္ပန်ကံရဲ့ အကျိုးကို ပစ္စုပ္ပန်ဘ၀မှာပဲ ခံစားရတယ်ဆိုတဲ့ ပစ္စပ္ပန်ကမ္မ၀ါဒအယူဟာ ဒီသုတ္တန်တွေနဲ့ လျော်ညီမှုမရှိပါဘူး။


‘ကမ္မ’ဆိုတာဟာ ကိုယ်နှုတ်နှလုံးသုံးပါရဲ့ ပြုမူလှုပ်ရှားမှုတွေကို ခေါ်တာမှန်ပေမယ့် စင်စစ်ကတော့ ဒီအပြုအမူတွေကို စေ့ဆော်နေတဲ့ ‘စေတနာ’ သည်သာ ကံဖြစ်ပါတယ်။ စေတနာနဲ့ စေ့ဆော်ပြီးမှသာ ကိုယ်ဖြင့် ပြုမူ, နှုတ်ဖြင့် ပြောဆို, စိတ်ဖြင့် ကြံစည်ကြလို့ ဖြစ်ပါတယ်။ (အံ-၆-၆၃၊ အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ မဟာဝဂ်၊ နိဗ္ဗေဓိကပရိယာယသုတ်) ဒီတော့ ကံကောင်း ကံဆိုးဟာ စေတနာကောင်း စေတနာဆိုးပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် အပြုအမူတွေကို စေ့ဆော်တဲ့ စေတနာက ဒီအပြုအမူတွေ သက်ရောက်ခံရမယ့် လူ, တိရစ္ဆာန်, အဖွဲ့အစည်း, ရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုပြီး ပဓာနကျပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒရဲ့ လူ-လူချင်းဆက်ဆံရာမှာ ကိုယ်နှုတ်နှလုံးလှုပ်ရှားမှုကိုသာ ကံလို့သတ်မှတ်ချက်ဟာ နိဗ္ဗေဓိကပရိယာယသုတ်ကို ဆန့်ကျင်ပါတယ်။ ဥပမာ ရာသီဥတုပူတာကို ဒေါသထွက်နေခဲ့ရင် ဗုဒ္ဓ၀ါဒအရ ဒေါသစိတ် (ဒေါသနှင့်ယှဉ်တဲ့ စေတနာ) ကြောင့် အကုသိုလ်ကံမြောက်ပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒအရ လူ-လူချင်းဆက်ဆံတာ မဟုတ်လို့ ကံမမြောက်ပါ။


ပစ္စုပ္ပန်ကမ္မ၀ါဒီတွေက ဘုရားအလောင်းတော်ရဲ့ ဒုက္ကရစရိယာအကျင့်ကို ရူပဈာန်, အရူပဈာန်လို့ မှားယွင်းစွာ ဖော်ပြထားပါတယ်။ ထို့အတူပဲ စိတ်ကိုချုပ်တည်းတဲ့ ဈာန်တရားတွေဟာ မိမိကိုယ်ကို ညှင်းဆဲတဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေလို့ မှားယွင်းစွာ ယူဆထားပါတယ်။ စင်စစ် အလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့်ကို ပယ်စွန့်ဖို့ အကြံဖြစ်တာဟာ “မိမိငယ်စဉ်ဘ၀ သပြေပင်အောက်မှာ ရခဲ့ဖူးတဲ့ ပဌမဈာန်ဟာ ဗောဓိဉာဏ်ကိုရဖို့ အကျင့်လမ်းဖြစ်မယ်, ပဌမဈာန်ချမ်းသာဟာ ကာမဂုဏ်တရားနဲ့ အကုသိုလ်တရားတွေကို ပယ်စွန့်ထားတဲ့ ချမ်းသာဖြစ်တဲ့အတွက် မှီဝဲအားထုတ်ရမှာကို (တွန့်ဆုတ်) ကြောက်ရွံ့နေစရာလိုကြောင်း” စဉ်းစားမိလို့ပါ။ ဒီအကြောင်းကို ဗုဒ္ဓကိုယ်တိုင် သစ္စကပရိဗိုဇ်ကို ပြန်ပြောခဲ့ပါတယ် (မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ မဟာယမက၀ဂ်၊ မဟာသစ္စကသုတ်)။ ဈာန်ချမ်းသာဟာ မှီဝဲပွားများအပ်တဲ့ (အာသေ၀ိတဗ္ဗ ဘာဝေတဗ္ဗ ဗာဟုလီကာတဗ္ဗ) တရားတွေ ဖြစ်တယ်။ သို့သော်လည်း တွယ်ငြိနေရန်မဟုတ်ပဲ ထိုထက်ပို၍ အဆင့်မြင့်သော တရားများအတွက် ပယ်စွန့်ရပါတယ် (မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ လဋုကိကောပမသုတ်)။ “သမ္မာသမာဓိ” ဆိုတာ ပဌမဈာန်, ဒုတိယဈာန် စသဖြင့် ဈာန်တရားလေးပါးဖြင့်ယှဉ်တဲ့ စိတ်တည်ကြည်မှု သမာဓိကို ခေါ်ကြောင်း နိကာယ်ငါးရပ်မှ ဒေသနာမြောက်မြားစွာမှာ ဟောကြားထားပါတယ်။ ဒါကြောင့် ဈာန်တရားများကို ရှုတ်ချခြင်း, ပစ်ပယ်ပြောဆိုခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးက သမ္မာသမာဓိကို ငြင်းပယ်ရာရောက်ပါတယ်။ အချို့က ဈာန်တရားကို မြေလျှိုးမိုးပျံစတဲ့ တန်ခိုးတွေနဲ့ ရောနှော ရှုပ်ထွေးနိုင်ပါတယ်။


ဓမ္မစကြာသုတ်အပါအ၀င် အခြားသောဒေသနာများက ဒုက္ခသစ္စာရဲ့ အကျဉ်းချုပ်အဓိပ္ပါယ်ကို ပဉ္စုပါဒါနက္ခန္ဓာ (ဥပါဒါန်ဖြင့် စွဲယူထားသော ခန္ဓာငါးပါး) လို့ ဖွင့်ဆိုပါတယ်။ စွဲလမ်းမှု ဥပါဒါန်နဲ့ ပဉ္စုပါဒါနက္ခန္ဓာဟာ သီးခြားမဟုတ်သလို အတူတူလည်း မဟုတ်ပါဘူး။ ခန္ဓာငါးပါးပေါ်မှာ စွဲလမ်းကပ်ငြိတဲ့ ဆန္ဒရာဂကို ဥပါဒါန်လို့ခေါ်ပါတယ် (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ၊ ဒေ၀ဒဟ၀ဂ်၊ မဟာပုဏ္ဏမသုတ်)။ ဒီဥပါဒါန်ကြောင့် “ငါ ရှိတယ်” လို့ထင်တဲ့ အထင် (အသ္မိမာန) ဖြစ်ပါတယ် (ခန္ဓ၀ဂ္ဂသံယုတ်၊ ခန္ဓသံယုတ်၊ ထေရ၀ဂ်၊ အာနန္ဒသုတ်)။ ရေမှာ ထင်တဲ့ ပုံရိပ်လို ဥပါဒါန်ရှိနေတဲ့ ပုထုဇဉ်အတွက် ရုပ်, ဝေဒနာ, သညာ, သင်္ခါရာ, ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို စွဲပြီး ငါရှိတယ်လို့ ထင်တာပါ။ ဒါပေမယ့် ပုထုဇဉ်က ဒီပုံရိပ်ကိုပဲ တကယ်လို့ ယူဆပါတယ်။ ဒါကလည်း ခန္ဓာငါးပါးကို “မြဲတယ်, ချမ်းသာတယ်, ငါပဲ” လိုထင်နေတဲ့ နိစ္စသညာ, သုခသညာ, အတ္တသညာကြောင့်ဖြစ်တာပါ။ ဒါကြောင့် ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ၀ိညာဏ်ဆိုတဲ့ ခန္ဓာငါးပါးကို အနိစ္စ, ဒုက္ခ, အနတ္တလို့ မြင်အောင်ရှုရမယ်လို့ အနတ္တလက္ခဏာသုတ်အပါအ၀င် ဒေသနာအများပြားမှာ ဟောကြားထားပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒယူဆသလို “ပဉ္စုပါဒါနက္ခန္ဓာကသာ အနတ္တဖြစ်ပြီး, ပဉ္စက္ခန္ဓာက အတ္တ၊ (လူလို့ထင်နေတဲ့ စွဲလမ်းမှုတွေက အနတ္တဖြစ်ပြီး လူသက်သက်ကတော့ အတ္တ) သက္ကာယဒိဋ္ဌိကို ပယ်သတ်လိုက်ရင် လူသက်သက်, အတ္တသက်သက်ပဲ ကျန်မယ်” ရယ်လို့ မြတ်စွာဘုရား မဟောကြားခဲ့ပါ။ ဗုဒ္ဓက “သဗ္ဗေ ဓမ္မာ အနတ္တာ”လို့ ဟောပါတယ်။ ပစ္စုပ္ပန်ကမ္မ၀ါဒက လူဆိုတဲ့ အတ္တ၀ါဒကို လက်ခံထားတဲ့ အတွက် ရုပ်နာမ် သင်္ခါရတရားတွေပေါ် “အနိစ္စ, ဒုက္ခ, အနတ္တ” ရှုပွားဖို့ ငြင်းပယ်ထားပါတယ်။

Ref: ဧရာ (မန္တလေး)  SONATA - CANTATA
 

ရေသက်စေ့ပူဇော်မှု

                                 
            ရွှေတိဂုံစေတီတော်ကဲ့သို့သော တန်ခိုးကြီးမားတော်မူကြသည့် စေတီတော်များ၌ ရာဟု ထောင့် စနေထောင့်စသည့် ထိုအထောင့် အရပ်တို့၌ ရေသပ္ပါယ်ခံရန် သီတင်းသုံးနေတော်မူရသော ရုပ်ပွား ဆင်းတုတော်များကို သတိပြုကြည့်ပါ။ စနေ, တနင်္ဂနွေ ကဲ့သို့သော ရက်ကြီး အခါကြီးများ၌ သက်စေ့ ရေ သပ္ပါယ်ရန် လာရောက်ကြသူတို့ကား အလွန်များလှ၏၊ ထိုရေသပ္ပါယ်လိုသူတို့ အတွက် အမိုးအကာ မရှိသော နေရာတွင် ရုပ်ပွားတော်များမှာ နေပူမရှောင် မိုးရွာမရှောင် အမြဲတမ်းထိုင်၍ သီတင်းသုံးနေတော်မူရ၏။ အလှူ ရှင်တစ်ဦးက တစ်ဖန်ထပ်၍ ရေသက်စေ့ပူဇော်ပြီးလျှင် နောက်အလှူရှင်တစ်ဦးက တစ်ဖန်ထပ်၍ ရေသက်စေ့ ပူဇော်ပြန်၏၊ နောက်တစ်ယောက်ကလည်း အလားတူပင် ပူဇော်ပြန်၏။ ဤသို့လျှင် တစ်နေ့ပတ်လုံးလိုလို ရေ သက်စေ့ အပူဇော်ခံနေရ၏။ ဤအချက်ကို အသင်သူတော်ကောင်းသည် အလေးအနက် စဉ်းစားပါ။ မိမိတို့သည် ထိုကဲ့သို့ နေ့စဉ် တစ်နေ့လုံးလိုလို မိမိတို့ အိမ်၌ မိမိတို့ကိုယ်တိုင် ရေချိုးသလား မချိုးဖူးလားဟူသည်ကို စဉ်းစားပါ။ သက်တော် ထင်ရှား ဘုရားဟူသော အမှတ်ထားနိုင်ပါမှ ဘုရားရှင်၏ ဂုဏ်တော် ကျေးဇူးတော်တို့ကို အာရုံယူနိုင်ပါမှ ထို ကောင်းမှုကုသိုလ်သည် အကျိုးကြီးမြတ်ဖွယ်ရာ ရှိ၏။ သက်တော်ထင်ရှားဘုရားဟု အမှတ်ထားနိုင်လျှင် တကယ် သက်တော်ထင်ရှား ဘုရားအပေါ်၌ ထိုကဲ့သို့ တစ်နေ့ပတ်လုံး ရေသက်စေ့ပူဇော်မှုကို ပြုသင့် မပြုသင့်ကိုပါ တစ်ဖန် ထပ်၍ စဉ်းစားပါ။  မိမိတို့၏ ယတြာချေမှုအပေါ်၌သာ ဦးစားပေး ဆောင်ရွက်နေသဖြင့် အလောဘဓာတ်ကလည်း အလွန် အားပျော့နေ၏၊ ဘုရားရှင်အပေါ်၌ ငဲ့ညှာမှု အဒေါသ = မေတ္တာဓာတ်ကလည်း အလွန်အားပျော့နေ၏၊ ဘုရား ဟောကို ကျောခိုင်းကာ ဗေဒင်ဆရာ၏ အဟောအပြောကိုသာ ယုံကြည်အားထားနေသဖြင့် အမောဟ ပညာဓာတ် ကလည်း အားပျော့နေ၏။ ထိုသို့ အားပျော့နေကြသော အလောဘ အဒေါသ အမောဟဓာတ်တို့က အနည်း အကျဉ်းသာ ခြံရံ၍ (မိမိတို့၏ ကျန်းမာမှု, ပစ္စည်းဥစ္စာတိုးတက်မှု, ရာထူးဌာနန္တရတိုးတက်မှုတို့ကိုသာ ဦးစား ပေးနေသော) အလွန်အားကောင်းသော လောဘ ဒေါသ မောဟတို့ကို ခြံရံထားလျက် ကံကို ပြုစုပျိုးထောင် လိုက်သည်ဖြစ်ရာ ထိုကံမျိုးက အကျိုးပေးခဲ့သော် ဘဝတစ်ခုဝယ် လောဘကြီးသူ ဒေါသကြီးသူ ဉာဏ်ပညာ နည်းပါးသူ လူဖျင်း လူအ လူနသာ ဖြစ်ရ၏။ အားပျော့နေကြသော စွမ်းအားနည်းပါးလွန်းလှသော အလောဘ အဒေါသ အမောဟတို့က စွမ်းအင်ပြည့်ဝနေသော လောဘ ဒေါသ မောဟ တို့ကိုအနိုင်ယူနိုင်ဖို့ရန် ကုန်ခန်းစေနိုင်ဖို့ရန်မစွမ်းနိုင်သောကြောင့်ပင်တည်း။ သတိရှိစေ


Ref: တိပိဋက 

တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သော အလုပ်

ဂိုဏ်းပုဂ္ဂိုလ်ကြီးတို့သည် ပုတီး၊လက်ဖွဲ့၊ဓာတ်လုံး စသည်တို့ကို ဥုံ   အောင်း ဂါထာ အဖြာဖြာတို့ဖြင့် ရွတ်ဆို၍ သိဒ္ဓိတင်ပေးကြသည်။ လူတွေကလည်း နာမည်ကြီး ဂိုဏ်းပုဂ္ဂိုလ်ကြီးက ရွတ်ဆိုပေးသမျှကို ကွန်ပျူတာဂဏန်းစက်ကဲ့သို့ အချက်ကျမှန်မည်ဟု ဧကန်ယုံကြည်မှုဖြင့် လက်ဝါးလှန်၍ တောင်ခံနေကြကုန်၏။


 ယနေ့ခေတ်တွင် ငွေစက္ကူကိုပင် သိဒ္ဓိတင် ပေးသူများရှိနေသည်။ထိုပုဂ္ဂိုလ်ကြီးက တစ်ကျပ်တန် ငွေစက္ကူကို သိဒ္ဓိတင်၍ လက်ဆောင်ပေးသည်။ ထိုငွေစက္ကူရသူမှာ အားရ၀မ်းသာဖြင့် လက်ကိုင်အိတ်ထဲသွင်းကာ သပ်ရပ်စွာ သိမ်းဆည်းထား လိုက်သည်။ ပြီးနောက် လက်ကိုင်အိတ်တွင်းမှ ၂၀၀ိ/-တန် ငွေစက္ကူကို ထုတ်၍ ပူဇော်ကန်တော့လိုက်သည်။လက်တွေ့မှာမူ သိဒ္ဓိတင် ပေးသောပုဂ္ဂိုလ်အတွက်၁၉၉ကျပ်အမြတ်ရသွားပြီ။ တစ်ကျပ်အရင်းဖြင့် ၁၉၉-ကျပ် မြတ်သောအလုပ်မှာ ဘယ်ဖက်စပ်ကုမ္ပဏီလုပ်ငန်းမှမရှိချေ။   

လူတို့သည် ဘ၀နှင့်ဘ၀ခံစားမှု အတွက် အာသာရမ္မက်ပြင်းစွာ လုပ်ကိုင်နေကြသည်။ အာသာရမ္မက် အတွက် ကိုးကွယ်ရာကို ရှာဖွေဆည်းကပ်နေကြသည်။ ယုံကြည်စရာကို ရှာဖွေလက်ခံနေကြသည်။ ယုတ္တိရှိမရှိကို အသိဥာဏ်ဖြင့် အမြင်မှန်မရနိုင်ခဲ့ကြပေ။ 

 ဤကဲ့သို့ ယုတ္တိမဲ့ ကိုးကွယ်မှုနှင့် ယုံကြည်မှုများကို ထေရ၀ါဒက ငြင်းပယ်ထား၏။


Ref:Dhamma Garden Centre

ထေရဝါဒနှင့်မဟာယာန ဗုဒ္ဓဘာသာ

မကြာခဏ မေးလေ့ရှိသည့် မေးခွန်းတစ်ခုကို ဆွေးနွေးချင်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာနှင့် မဟာယာန ဗုဒ္ဓဘာသာ ဘာကွာပါသလဲ? အကြောင်းအရာများကို မှန်ကန်သည့် ရှု့ဒေါင့်မှ ကြည့်မြင် သုံးသပ်နိုင် ရန်အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းအစကို ပြန်လှန်ရပါမည်။ ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာတို့၏ အစနှင့် စည်ပင်ပြန့်ပွားလာမှုကို ခြေရာခံရပါမည်။

ဘီစီ ခြောက်ရာစုတွင် ဗုဒ္ဓမြတ်စွာ မွေးဖွားတော်မူခဲ့သည်။ မြတ်စွာဘုရားသည် သက်တော် ဆုံးဆယ့်ငါးနှစ်အရွယ် ဘုရားဖြစ်တော်မူချိန်မှ သက်တော် ရှစ်ဆယ်အရွယ် ပရိနိဗ္ဗာန်စံတော်မူချိန်အထိ တရားဒေသနာ ဟောကြားခြင်းဖြင့်သာ သူ့ဘဝကို မြှုပ်နှံခဲ့သည်။ လူ့သမိုင်းတွင် လုံးလဝီရိယအား အကြီးဆုံးပုဂ္ဂိုလ်ဟု ဆိုနိုင်ပါသည်။ လေးဆယ့်ငါးနှစ်ပတ်လုံး တစ်နေ့လျှင် နှစ်နာရီခန့်သာ အိပ်စက် အနားယူကာ နေ့ရောညပါ တရားဟောကြားခဲ့သည်။
မြတ်စွာဘုရားသည် မင်း၊ မင်းညီမင်းသား၊ ပုဏ္ဏား၊ သူကြွယ်၊ လယ်သမား၊ သူတောင်းစား၊ ပညာရှိစသည်ဖြင့် လူတန်းစားပေါင်းစုံနှင့် စကားပြောခဲ့၊ တရားဟောခဲ့သည်။ သူဟောသည့် တရားတော်တို့မှာ နာကြားသူ ပရိသက်၏ အတွေ့အကြုံ၊ နားလည်နိုင်မှုစွမ်းအား၊ စိတ်နေသဘောထားတို့နှင့် အံဝင်ခွင်ကျ ဖြစ်သည်ချည်းသာ။ သူဟောသည့် တရားတော်တို့ကို “ဗုဒ္ဓဝစန” “ဘုရားစကားတော်” ဟု ခေါ်ဆိုခဲ့၊ သုံးနှုံးခဲ့ပါသည်။ ထိုအချိန်က ထေရဝါဒ (သို့မဟုတ်) မဟာယာနဟု ခေါ်ဆိုသုံးနှုံးခြင်း မရှိခဲ့ပါ။

မြတ်စွာဘုရားသည် ဘိက္ခုသာသနာနှင့် ဘိက္ခုနီသာသနာနှစ်ရပ်ကို တည်ထောင်တော်မူပြီးနောက် ထိုသာသနာတော် နှစ်ရပ်လုံးကို ထိန်းကျောင်းနိုင်ရန် "ဝိနယ"ဟု ခေါ်ဆိုသည့် စည်းမျည်းစည်းကမ်းတို့ကို ချမှတ်တော်မူခဲ့သည်။ ကြွင်းကျန်သည့် မြတ်စွာဘုရား၏ တရားတော်မှန်သမျှကိုပင် "ဓမ္မ" ဟု ခေါ်ဆိုရပါသည်။ ထိုဓမ္မတွင် ရဟန်းတော်များ၊ ရဟန်းမများ၊ ဥပသကာ၊ ဥပသိကာများအား ဟောကြားခဲ့သည့် တရားတော် အားလုံး ပါဝင်သည်။

ပထမသင်္ဂါယနာ

မြတ်စွာဘုရားပရိနိဗ္ဗာန်စံအပြီး သုံးလအကြာ ဘုရားရှင်၏ တပည့်သာဝကကြီးများသည် ရာဇင်္ဂြိုလ်ပြည်တွင် ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ အများက လေးစားကြည်ညိုကြသည့် အရှင်မဟာကဿပမှ သင်္ဂါယနာကို ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။ ဓမ္မနှင့်ဝိနယဟူသော နယ်ပယ်နှစ်ခုကို အထူးပြု လေ့လာခဲ့ပြီး အာဂုံဆောင်သူ အာဂပုဂ္ဂိုလ်ကျော် နှစ်ပါးလည်း တက်ရောက်ခဲ့သည်။ တစ်ပါးမှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး ဘုရားရှင်၏ ဝတ်ကြီးဝတ်ငယ်တို့ကို အနီးကပ် ပြုစုခဲ့သူ၊ ဘုရားရှင်နှင့် အနီးဆုံးနေရာတွင် နေထိုင်ခဲ့သူ အရှင်အာနန္ဒာဖြစ်သည်။ အံဖွယ် မှတ်ဉာဏ်ရှင် အရှင်အာနန္ဒာမှာ မြတ်စွာဘုရား ဟောကြားခဲ့သမျှ တရားတော်တို့ကို အာဂုံဆောင်နိုင်သူ ဖြစ်သည်။ အခြား အာဂပုဂ္ဂိုလ်တစ်ဦးမှာ ဝိနည်း ပညက်တော်အားလုံးကို မှတ်မိသူ အရှင်ဥပါလိပင် ဖြစ်သည်။

ပထမသင်္ဂါယနာတွင် ဓမ္မနှင့်ဝိနယဟူသော ကဏ္ဍကြီးနှစ်ခုသာ ရွက်ဆို သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ဓမ္မနှင့် ပက်သက်၍ ကွဲပြားခြားနားသည့် အမြင်မရှိခဲ့သော်လည်း (အဘိဓမ္မာအကြောင်း မဖော်ပြခဲ့) ဝိနည်းနှင့် ပက်သက်၍မူ ဆွေးနွေးစရာအချို့ ရှိခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်မစံခင် ဘုရားရှင်သည် အရှင်အာနန္ဒာအား “သံဃာက အလိုရှိခဲ့ပါမူ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ် (သိက္ခာပုဒ် အသေးစား) တို့ကို ဖြုတ်ပယ်နိုင်ကြောင်း” မိန့်တော်မူခဲ့သည်။ ထိုစဉ်က မြတ်စွာဘုရားမှာ ပရိနိဗ္ဗာန် စံတော်မူခါနီးဖြစ်၍ အရှင်အာနန္ဒာ၏ရင်တွင် သောကတို့ဖြင့် ပြည့်လျှမ်းနေခဲ့သည်။ ထို့ကြောင့် ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်ဆိုသည်မှာ အဘယ်သိက္ခာပုဒ်တို့ဖြစ်ကြောင်း မြတ်စွာဘုရားကို မေးမြန်းရန် မေ့လျော့နေခဲ့သည်။ ခုဒ္ဒါနုခုဒ္ဒက သိက္ခာပုဒ်တို့နှင့် ပက်သက်၍ သင်္ဂါယနာတင် မထေရ်တို့အကြား သဘောမတူနိုင်ဘဲရှိရာ အရှင်မဟာကဿ မထေရ်မြတ်ကြီးက ဘုရားပညက်ခဲ့သည့် သိက္ခာပုဒ်တို့ကို ပြင်ဆင်ခြင်း မပြုရန်နှင့် သိက္ခာပုဒ် အသစ်တို့ကိုလည်း ဖြည့်စွက်ထည့်သွင်းခြင်း မပြုရန် နောက်ဆုံး ဆုံးဖြတ်ချက် ပေးတော်မူခဲ့ပါသည်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မပေးခဲ့သော်လည်း စကားတစ်ခွန်းကိုတော့ အရှင်မဟာကဿပ မထေရ် ပြောခဲ့သည်။ “တပည့်တော်တို့အနေနှင့် ဝိနည်း ပညက်တော်တို့ကို ပြင်ဆင်ကြမည်ဆိုလျှင် လူတို့ ပြောဆိုစရာ ဖြစ်လိမ့်မည်။ သူတို့ဆရာသခင်၏ ခန္ဓာကိုယ် မီးရှို့ရာ လောင်တိုက်မှ မီးမဆဲခင် ဂေါတမဘုရားရှင်၏ တပည့်တို့သည် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ကြလေပြီ”

ပထမသင်္ဂါယနာအပြီး ဓမ္မကို နိကာယ်အလိုက်ခွဲကာ နိကာယ် တစ်ခုချင်းစီအတွက် မြတ်စွာဘုရား၏ သာဝကကြီး တစ်ပါးစီနှင့် ၎င်း၏ တပည့်တို့ကို အာဂုံဆောင်ရန် တာဝန်ခွဲပေးလိုက်ပါသည်။ ဤသို့ဖြင့် ဓမ္မကို အာဂုံဆောင်ကာ ဆရာစဉ်ဆက် လက်ဆင့်ကမ်းခဲ့ကြသည်။ နှုတ်ပယ်ခြင်း၊ ဖြည့်စွတ်ခြင်းမပြုနိုင်ရန် အချင်းချင်း ပြန်လည်တိုက်ဆိုင် စစ်ဆေးကာ ဓမ္မကို အုပ်စုလိုက် နေ့စဉ် အာဂုံရွက်ဆိုခဲ့ကြသည်။ ဖြစ်စဉ်တစ်ခုကို နှစ်ပေါင်း များစွာကြာမှ ပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်မိသလောက် ရေးသားထားသည့် မှတ်တမ်းထက် ဆရာစဉ်ဆက် အာဂုံဆောင်သည့် အလေ့အထက ပို၍ ယုံကြည်ကိုးစားနိုင်ကြောင်း သမိုင်းပညာရှင်တို့မှ သဘောတူကြသည်။

ဒုတိယသင်္ဂါယနာ

နှစ်ပေါင်း တစ်ရာအကြာ, ဝိနည်းသိက္ခာပုဒ်အချို့ကို ဆွေးနွေးရန် ဒုတိယသင်္ဂါယနာကို ကျင်းပခဲ့သည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး သုံးလအကြာတွင် ပြုလုပ်သည့် ပထမသင်္ဂါယနာ တင်ချိန်တွင် ဝိနည်း သိက္ခာပုဒ်တို့ကို ပြင်ဆင်ဖြည့်စွတ်ရန် မလိုခဲ့ပါ။ ထိုတိုတောင်းလှသော အချိန်အတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ပြောင်းလဲမှုဖြစ်စဉ် အနည်းအကျဉ်းသာ ရှိနိုင်သောကြောင့်ပင်။ နှစ်ပေါင်း တစ်ရာ အကြာမှာတော့ ရဟန်းအချို့သည် သိက္ခာပုဒ် အငယ်စားတို့ကို ပြင်ဆင်ရန် လိုအပ်ကြောင်း ယူဆလာကြသည်။ ရှေးရိုးစွဲ ရဟန်းတော်တို့က မည်သည့်သိက္ခာပုဒ်ကိုမျှ ပြင်ဆင်ခြင်း မပြုသင့်ကြောင်း ပြောဆိုကြသည်။ နောက်ဆုံးမှာတော့ ရဟန်းတော်တစ်စုသည် သင်္ဂါယနာမှ ဖဲခွါကာ မဟာသံဃိကဂိုဏ်းကို တည်ထောင်ခဲ့ကြသည်။ မဟာသံဃိကဟု ခေါ်ဆိုခဲ့သော်လည်း မဟာယာနဟု သုံးနှုံးခဲ့ခြင်း မရှိပါ။ ဒုတိယသင်္ဂါယနာ၌ ဝိနည်းပိဋကတ်တွင် ပါရှိသည့် အကြောင်းအရာအချို့တို့ကိုသာ ဆွေးနွေးခဲ့ကြပြီး ဓမ္မနှင့် ပက်သက်၍မူ အငြင်းပွားစရာ တစုံတရာ ရှိခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ခြင်း မရှိပါ။

တတိယသင်္ဂါယနာ

ဘီစီသုံးရာစု၊ အသောကမင်းလက်ထက်တွင် ဗုဒ္ဓဘာသာဂိုဏ်းအသီးသီးရှိ ရဟန်းတော်တို့အကြား ကွဲပြားနေသည့် အမြင်တို့ကို ဆွေးနွေးနိုင်ရန် တတိယသင်္ဂါယနာ တင်ပွဲကို ကျင်းပခဲ့သည်။ ဤတတိယသင်္ဂါယနာအတွင်း ဆွေးနွေးမှုသည် ဝိနည်း ပညက်ချက်တို့နှင့် ပက်သက်သည့် အကြောင်းအရာတို့သာ မကတော့ဘဲ ဓမ္မနှင့် ပက်သက်သည့် အချက်အလက်တို့ပါ ပါဝင်လာသည်။ သင်္ဂါယနာအဆုံးတွင်တော့ ဦးစီးနာယက အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည် ဂိုဏ်းအသီးသီးတို့၏ မှားယွင်းသော အမြင်၊ အယူအဆတို့ကို ရှင်းလင်းချက်ထုတ်ကာ ငြင်းပယ်သည့် ကထာဝတ္ထုကျမ်းကို ပြုစုတော်မူခဲ့သည်။ တတိယသင်္ဂါယနာတွင် လက်ခံ အတည်ပြုခဲ့သည့် ဗုဒ္ဓတရားတော်တို့သည်ပင် ထေရဝါဒအဖြစ် ထင်ရှားခဲ့ပေသည်။ တတိယသင်္ဂါယနာမှ အဘိဓမ္မာကို ပိဋကတ်တစ်ပုံအဖြစ် သက်မှက်ကာ ပိဋကတ်ထဲ ထည့်သွင်းခဲ့ပါသည်။

တတိယသင်္ဂါယနာအပြီး အသောကမင်းကြီး၏ သားတော် ရှင်မဟိန္ဒသည် တတိယသင်္ဂါယနာတွင် စုပေါင်းရွက်ဆို အတည်ပြုခဲ့သည့် ပါဠိတော်တို့ကို ၎င်းတို့၏ အဋ္ဌကထာတို့နှင့်အတူ သီရိလင်္ကာနိုင်ငံသို့ ယူဆောင်လာခဲ့သည်။ သီရိလင်္ကာသို့ သယ်ဆောင်ခဲ့သည့် ပိဋကတ်သုံးပုံကို တစ်လုံးတစ်ပါဒမျှ မယွင်းစေဘဲ ယနေ့တိုင် ထိမ်းသိမ်း စောင့်ရှောက်ခဲ့ပေသည်။ ထိုကျမ်းစာတို့ကို မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က အသုံးပြုခဲ့သည့် မာဂဓီဘာသာကို အခြေခံသော ပါဠိဖြင့် ရေးသားထားခြင်း ဖြစ်သည်။ ထိုအချိန်က မဟာယာနဟူ၍ ထင်ရှားမရှိသေးပါ။

မဟာယာန စတင်ပေါ်ပေါက်လာပုံ

ဘီစီ တစ်ရာစုနှင့် အေဒီ တစ်ရာစုအတွင်း သဒ္ဓမ္မပုဏ္ဏရိကာကျမ်း၌ ထေရဝါဒနှင့် မဟာယာနဟူသော အသုံးအနှုံး နှစ်မျိုး တွေ့လာရသည်။ အေဒီနှစ်ရာစုတွင်တော့ မဟာယာနဟူသော အသုံးအနှုံးကို ထင်ထင်ရှားရှား အသုံးပြုလာသည်ကို တွေ့ရသည်။ နာဂဇုနမထေရ်သည် သူ၏ မဓျာမိကကာရိကာဟူသော ကျမ်းငယ်တွင် အရာရာတိုင်းသည် သုညတဖြစ်သည်ဟူသော အတွေးအခေါ်အယူအဆကို ပြန့်ပွားအောင် လုပ်ဆောင်ခဲ့သည်။ အေဒီ လေးရာစုတွင် အာစင်္ဂနှင့် ဝသုဗန္ဓုတို့သည် မဟာယာနနှင့် ပက်သက်သော စာပေကျမ်းဂန် အများအပြားကို ရေးသားခဲ့ကြသည်။ မဟာယာနအဖြစ် ထင်ထင်ရှားရှား ပေါ်လာသည့် အေဒီတစ်ရာစုတွင်မှ မဟာယာနနှင့် ဟီနယာနဟူသော အသုံးအနှုံးနှစ်ခုကို စတင် သုံးစွဲလာကြခြင်း ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် ဟီနယာနနှင့် ထေရဝါဒကို အတူတူဟု မှတ်ထင်မထားအပ်ပေ။ ထိုဝေါဟာရနှစ်ခုမှာ အသုံးအနှုံး တူညီခြင်း မရှိသည်ကို သတိပြုရမည် ဖြစ်သည်။ ထေရဝါဒဗုဒ္ဓသာသာသည် မဟာယာနဗုဒ္ဓဘာသာ လုံးဝ မပေါ်ပေါက်သေးသည့် ဘီစီ သုံးရာစုတွင် သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ ဟီနယာနဂိုဏ်းသည် အိန္ဒိယနိုင်ငံတွင် စည်ပင်ပြန့်ပွားခဲ့သည်။ သီရိလင်္ကာတွင် တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာပုံစံနှင့် သီးသန့် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်တွင် ဟီနယာနဗုဒ္ဓဘာသာကို ကမ္ဘာ့ မည်သည့်နေရာတွင်မှ တွေ့နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားစသော နိုင်ငံတို့တွင် ယနေ့ ကျင့်သုံးနေသည့် ထေရဝါဒဗုဒ္ဓဘာသာကို ပြောဆို ရည်ညွှန်းကြသောအခါ ဟီနယာနဟူသော အသုံးအနှုံးကို မသုံးကြရန် ကိုလံဘိုမြို့တွင် ၁၉၅၀-ခုနှစ်က ကျင်းပခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များညီလာခံက တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချခဲ့ကြခြင်း ဖြစ်သည်။ ဤသည်ပင် ထေရဝါဒဗုဒ္ဓဘာသာ၊ မဟာယာနဗုဒ္ဓဘာသာနှင့် ဟီနယာနဗုဒ္ဓဘာသာတို့၏ သမိုင်းအကျဉ်း ဖြစ်သည်။

ထေရဝါဒနှင့်မဟာယာန
ထေရဝါဒနှင့် မဟာယာနတို့၏ ကွဲပြားခြားနားချက်တို့ကို ကြည့်ကြစို့။ ကျွန်ုပ်အနေနှင့် မဟာယာန ဗုဒ္ဓဘာသာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ လေ့လာလေလေ ဗုဒ္ဓဘာသာ၏ အဓိကတရားတော်တို့နှင့် ပက်သက်၍ ထေရဝါဒနှင့် မဟာယာနတို့အကြား ကွဲပြားခြားနားချက်ကို ရှာရန် ခက်လေလေ ဖြစ်သည်။

၁။ ဗုဒ္ဓဘာသာနှစ်ခုလုံးက မြတ်စွာဘုရားကို သူတို့၏ ဆရာအဖြစ် လက်ခံကြသည်။
၂။ သစ္စာလေးပါးတရားတော်မှာလည်း တစ်လုံးမကျန် အားလုံး အတူတူပင်။
၃။ မဂ္ဂင်ရှစ်ပါးမှာလည်း ချွတ်ဆွတ်တူသည်။
၎။ ပဋိစ္စသမုပ္ပါဒ်တရားတော်မှာလည်း တူသည်။
၅။ ကမ္ဘာလောကကြီးကို တစ်စုံတစ်ယောက်က ဖန်ဆင်းအုပ်ချုပ်နေသည်ဟူသော အယူအဆကိုလည်း နှစ်ဂိုဏ်းလုံးက ပယ်ကြသည်။
၆။ ဗုဒ္ဓဘာသာနှစ်ခုလုံးက အနိစ္စ၊ ဒုက္ခ၊ အနတ္တနှင့် သီလ၊ သမာဓိ၊ ပညာတို့ကို ကွဲပြားမှုမရှိဘဲ လက်ခံကြသည်။

အထက်ပါ တရားတော်တို့မှာ ဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံး၊ အရေးကြီးဆုံး တရားတော်များ ဖြစ်ကြသည်။ ထိုတရားတော်အားလုံးကိုပင် နှစ်ဂိုဏ်းလုံးက ယုံမှားသံသယမရှိဘဲ လက်ခံထားကြသည်။

ကွဲပြားသည့် အချက်အချို့လည်း ရှိပါသေးသည်။ သိသာထင်ရှားသည့် အချက်မှာ ဘုရားလောင်း အယူအဆ ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာသည် နောက်ဆုံး ဘုရားအဖြစ်ကို ဦးတည်သည့် ဘုရားလောင်းဝါဒကို လက်ခံပြီး ထေရဝါဒက ရဟန္တာဖြစ်ရေးကိုသာ အဓိကထားသည်ဟု လူအများက ပြောဆိုကြသည်။ ကျွန်ုပ်အနေနှင့် မြတ်စွာဘုရားသည်ပင် ရဟန္တာတစ်ပါး ဖြစ်ကြောင်း ထောက်ပြလိုပါသည်။ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့် သာဝကတစ်ဦးသည်လည်း ရဟန္တာများပင် ဖြစ်ကြသည်။ မဟာယာန ကျမ်းစာများက ဟီနယာနဟူသော အသုံးအနှုံးကို အသုံးပြုလေ့ မရှိကြပါ။ ၎င်းတို့က ဗောဓိသတ္တယာန၊ ပစ္စေကဗုဒ္ဓယာန၊ သာဝကယာနဟူသော သုံးမျိုးသာ အသုံးပြုကြသည်။ ထေရဝါဒမှာတော့ ထိုသုံးမျိုးကို (ယာနအစား) ဗောဓိ-ဟု ခေါ်ဝေါ်သုံးနှုံးပါသည်။

အချို့သူများက ထေရဝါဒမှာ တစ်ကိုယ်ကောင်းဆန်သည်ဟု တွေးတောလေ့ ရှိကြသည်။ သူတို့က ထေရဝါဒမှာ ကိုယ့်ဘဝလွတ်မြောက်မှုအတွက် အားထုတ်ရေးသည်သာ အဓိကကျကြောင်း သင်ကြားလေ့ရှိသည်ကို အကြောင်းပြကြသည်။ သို့သော် ၎င်းတို့ စဉ်းစားရမည်မှာ တစ်ကိုယ်ကောင်းဆန်သူ တစ်ယောက်အနေနှင့် နိဗ္ဗာန်ကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှစ်ဂိုဏ်းလုံးက ယာနသုံးမျိုး (သို့မဟုတ်) ဗောဓိသုံးမျိုးကို လက်ခံကြသည်။ ဘုရားလောင်းလမ်းစဉ်ကို အမြင့်ဆုံးအဖြစ် သက်မှတ်ကြသည်။ မဟာယာနဗုဒ္ဓဘာသာသည် ပုံပြင် ဒဏ္ဍာရီဆန်သည့် ဘုရားလောင်းများစွာ တီထွင်ခဲ့သည်။ ထေရဝါဒက ဘုရားလောင်းကို နောက်ဆုံးပန်းတိုင်ဖြစ်သည့် ဘုရားအဖြစ်သို့ ရောက်ရှိရန် ပါရမီဖြည့်ရင်း လူသားအားလုံးတို့၏ အကျိုးစီးပွားအတွက် ဘဝတစ်ခုလုံး မြှုပ်နှံထားသူ လူသားတစ်ဦးအဖြစ်သာ ရှု့မြင်သည်။

ဗုဒ္ဓအမျိုးအစား

ကိုယ်ပိုင်အားထုတ်မှုနှင့် ကိုယ်ပိုင်အသိဉာဏ်ဖြင့် နိဗ္ဗာန်ကို သိမြင်သူ သမ္မာသမ္ဗုဒ္ဓ၊ နိဗ္ဗာန်ကို ကိုယ်တိုင် သိမြင်သော်လည်း မြတ်စွာဘုရားထက် အရည်အချင်းနိမ့်သူ ပစ္စေကဗုဒ္ဓါနှင့် ဘုရားရှင်၏ တပည့်သားတော် ရဟန္တာဖြစ်သူ သာဝကဗုဒ္ဓဟူ၍ ဗုဒ္ဓသုံးမျိုးရှိပါသည်။ ထိုဗုဒ္ဓသုံးမျိုးလုံး ရရှိခံစားရသည့် နိဗ္ဗာန်မှာ အတူတူပင် ဖြစ်သည်။ ကွဲပြားခြားနားသည်မှာ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်သည် အခြားဗုဒ္ဓနှစ်ပါးထက် အရည်အချင်းနှင့် စွမ်းဆောင်ရည် သာလွန်ခြင်းပင် ဖြစ်ပါသည်။

အချို့သူများက နာဂဇုနမထေရ် ဆွေးနွေးတင်ပြခဲ့သည် သုညတတရားတော်မှာ မဟာယာန သင်ကြားချက် စစ်စစ်ဖြစ်ကြောင်း ထင်မြင်ယူဆကြသည်။ အမှန်တကယ်တော့ မူရင်း ထေရဝါဒကျမ်းစာတို့တွင် တွေ့နိုင်သည့် ပဋိစ္စသမုပ္ပါဒ်ကို အခြေခံသော အနတ္တတရားတော်ကို မှီးကာ ထိုသုညတအယူအဆကို ရေးသားခဲ့ခြင်း ဖြစ်သည်။

တစ်ခါကသော် အရှင်အာနန္ဒာက မြတ်စွာဘုရားကို မေးလျောက်ခဲ့သည်။ “သုညတဟူသော စကားကို လူအများ ပြောဆိုကြပါသည်။ သုညတဆိုတာ ဘာကို ခေါ်တာပါလဲဘုရား” “အာနန္ဒာ, ပုဂ္ဂိုလ်၊ သတ္တဝါဆိုတာ မရှိဘူး။ လောကမှာ ငါ့ဥစ္စာဆိုတဲ့ သဘောတရားလဲ မရှိ။ ဒါ့ကြောင့် လောကကြီးက အနှစ်သာရမဲ့နေတယ်” ဟု မြတ်စွာဘုရားက ပြန်လည် ဖြေကြားခဲ့သည်။ နာဂဇုနမထေရ်သည် ထိုအယူအဆကို ကျောရိုးပြုကာ ထင်ရှားကျော်ကြားသည့် မဓျာမိကကာရိကာဟူသော ကျမ်းစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သုညတဝါဒမှာ ထေရဝါဒကျမ်းစာတို့ကို အခြေခံသည့် မဟာယာနဗုဒ္ဓဘာသာ၏ အာလယ၀ိညာဏ အယူအဆသာ ဖြစ်ပေသည်။ မဟာယာနဗုဒ္ဓဘာသာက ထိုအယူအဆကို နက်နဲသည့် ဒဿနိကနှင့် စိတ်ပညာအဖြစ် တိုးတက်အောင် လုပ်ဆောင်ခဲ့သည်။

အောက်ပါ အင်္ဂလိပ်ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။

Theravada - Mahayana Buddhism
Ven. Dr. W. Rahula
(From: "Gems of Buddhist Wisdom",
Buddhist Missionary Society, Kuala Lumpur, Malaysia, 1996)

မူရင်းဆောင်းပါးကြည့်ရန် Click

Ref:အရှင်လောကပါလ