4/30/2014

ကြက်ငယ်ဥပမာ

  • ပုဏ္ဏား ဥပမာသော်ကား ကြက်မ၌ ရှစ်လုံးသော်လည်းကောင်း၊ ဆယ်လုံးသော်လည်းကောင်း၊တစ်ဆယ့်နှစ်လုံးသော်လည်းကောင်း ဥတို့သည် ရှိကုန်ရာ၏၊ ထို (ဥ) တို့ကို ကြက်မသည် ကောင်းစွာဝပ်အပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ အငွေ့ ပေးအပ်ကုန်၏၊ ထက်ဝန်းကျင်မှ ကောင်းစွာ (ကြက်နံ့ကို) ထုံစေအပ်ကုန်၏၊ (ကြက်ဥတို့ အတွင်း၌ တည်သော) ထိုကြက်ငယ်အပေါင်းတို့တွင် ခြေသည်းဖျားနှုတ်သီးဖျားဖြင့် ဥခွံကို ရှေးဦးစွာ ဖောက်ခွဲ၍ ချမ်းချမ်းသာသာ ပေါက်ဖွားလာသော ကြက်ငယ်ကိုအဘယ်သို့ ဆိုအပ်သနည်း၊ အကြီးဟူ၍ ဆိုအပ်သလော၊ သို့မဟုတ် အငယ်ဟူ၍ ဆိုအပ်သလောဟု(မေးတော်မူ၏)။

  • အသျှင်ဂေါတမ အကြီးဟူ၍ ဆိုအပ်ပါသည်၊ ထိုကြက်ငယ် အပေါင်းတို့တွင် (ဥခွံကို ဖောက်ခွဲ၍ရှေးဦးစွာ ထွက်လာသော) ထို (ကြက်ငယ်) သည် အကြီးဖြစ်ပါ၏ဟု (လျှောက်၏)။

  • ပုဏ္ဏား ဤအတူပင် အ၀ိဇ္ဇာ၌ ရောက်သော (အ၀ိဇ္ဇာ)ဟူသော ဥ၌ ဖြစ်သော (အ၀ိဇ္ဇာ ဟူသောဥခွံဖြင့်) ထက်ဝန်းကျင် မြှေးယှက်အပ်သော သတ္တ၀ါအပေါင်းတွင် အ၀ိဇ္ဇာဟူသော ဥခွံကို ဖောက်ခွဲ၍(ငါ) တစ်ဦးတည်း သာလျှင် လောက၌ အတုမဲ့ လွန်မြတ်သော ကိုယ်တိုင် မှန်စွာ သိမြင်သော'သမ္မာသမ္ဗောဓိ' ဥာဏ်ကို ထိုးထွင်း၍ သိပြီ၊ ပုဏ္ဏား ထိုငါသည်လောကထက် ကြီး၏၊ မြတ်၏။

  • ပုဏ္ဏား ငါသည် မတွန့်တိုသော လုံ့လကို အားထုတ်ပြီးပြီ၊ (ငါ့အား) မေ့လျော့ခြင်းမရှိသော သတိသည်ထင်ပြီ၊ (ငါ၏) ကိုယ်သည် ပူပန်ခြင်းမရှိ ငြိမ်းအေးပြီ၊ (ငါ၏) စိတ်သည် တစ်ခုတည်းသော အာရုံရှိသည်ဖြစ်၍ ကောင်းစွာ တည်ပြီ၊ ပုဏ္ဏား ထိုငါသည် ကာမဂုဏ်တို့မှ ဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ဆိတ်၍သာလျှင် ကြံစည်ခြင်း '၀ိတက်' နှင့်တကွ ဖြစ်သော သုံးသပ်ဆင်ခြင်ခြင်း '၀ိစာရ'နှင့်တကွဖြစ်သော (နီဝရဏ) ဆိတ်ခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသောပဌမဈာန်သို့ ရောက်၍ နေခဲ့ပြီ။

  • ၀ိတက် ၀ိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကို ကြည်လင်စေတတ်သော စိတ်တည်ကြည်ခြင်း'သမာဓိ' ကို ဖြစ်ပွားစေတတ်သော ကြံစည်ခြင်း '၀ိတက်' မရှိသော သုံးသပ်ဆင်ခြင်ခြင်း '၀ိစာရ'မရှိသော တည်ကြည်ခြင်း 'သမာဓိ' ကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ'၊ ချမ်းသာခြင်း 'သုခ' ရှိသောဒုတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။

  • နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်းကြောင့် အောက်မေ့ခြင်း 'သတိ'၊ ဆင်ခြင်ခြင်း'သမ္ပဇဉ်' နှင့်ပြည့်စုံသည် ဖြစ်၍ လျစ်လျူရှုလျက် နေခဲ့ပြီ၊ ချမ်းသာခြင်း 'သုခ' ကိုလည်း ကိုယ်ဖြင့်ခံစားခဲ့ပြီ၊ အကြင် တတိယဈာန်ကြောင့် ထိုသူ့ကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ''ဟု အရိယာ (ပုဂ္ဂိုလ်) တို့သည် ပြောကြားကုန်၏၊ (ထိုငါသည်) ထိုတတိယဈာန်သို့ ရောက်၍ နေခဲ့ပြီ။

  • ချမ်းသာ ဆင်းရဲကို ပယ်ခြင်းကြောင့် လည်းကောင်း၊ ရှေးဦးကပင်လျှင် ၀မ်းသာခြင်း၊ နှလုံးမသာခြင်းတို့၏ချုပ်နှင့်ခြင်းကြောင့် လည်းကောင်း ဆင်းရဲ ချမ်းသာမရှိသော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သော သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍ နေခဲ့ပြီ။

  • ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်းကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့်ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် ရှေး၌ ဖြစ်ဖူးသော ဘ၀ကို အောက်မေ့၍သိသော 'ပုဗ္ဗေနိဝါသာနုဿတိဉာဏ်' အလို့ငှါ စိတ်ကို ရှေးရှု ညွတ်စေခဲ့ပြီ။

  • ထိုငါသည် များပြားသော ရှေး၌ ဖြစ်ဖူးသော ဘ၀ကို အောက်မေ့၏၊ ဤသည်တို့ကား အဘယ်နည်း- တစ်ဘ၀ကို လည်းကောင်း၊ နှစ်ဘ၀တို့ကို လည်းကောင်း၊ သုံးဘ၀တို့ကို လည်းကောင်း၊ လေးဘ၀တို့ကိုလည်းကောင်း၊ ငါးဘ၀တို့ကို လည်းကောင်း၊ ဆယ်ဘ၀တို့ကို လည်းကောင်း၊ ဘ၀နှစ်ဆယ်တို့ကိုလည်းကောင်း၊ ဘ၀သုံးဆယ်တို့ကို လည်းကောင်း၊ ဘ၀ လေးဆယ်တို့ကို လည်းကောင်း၊ ဘ၀ငါးဆယ်တို့ကို လည်းကောင်း၊ ဘ၀တစ်ရာကို လည်းကောင်း၊ ဘ၀တစ်ထောင်ကို လည်းကောင်း၊ ဘ၀တစ်သိန်းကို လည်းကောင်း၊ များပြားသော ပျက်ကပ်တို့ကို လည်းကောင်း၊ များပြားသော ဖြစ်ကပ်တို့ကိုလည်းကောင်း၊ များပြားသော ပျက်ကပ် ဖြစ်ကပ်တို့ကို လည်းကောင်း ဤမည်သော ဘ၀၌ (ငါသည်)ဤသို့သော အမည် ရှိခဲ့၏။ ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သော အသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ)သည် ထိုဘ၀မှ သေခဲ့၍ ဤမည်သော ဘ၀၌ ဖြစ်ပြန်၏၊ ထိုဘ၀၌လည်း ဤသို့သော အမည် ရှိခဲ့၏၊ဤသို့သော အနွယ် ရှိခဲ့၏၊ ဤသို့သော အဆင်း ရှိခဲ့၏၊ ဤသို့သော အစာ ရှိခဲ့၏၊ ဤသို့သော ချမ်းသာဆင်းရဲကို ခံစားခဲ့၏၊ ဤသို့သောအသက်အပိုင်းအခြား ရှိခဲ့၏။ ထို (ငါ) သည် ထိုဘ၀မှ သေခဲ့၍ဤဘ၀၌ ဖြစ်ပြန်၏ဟု ဤသို့ အခြင်းအရာနှင့်တကွ ညွှန်ပြဖွယ် (အမည်အနွယ်) နှင့်တကွ များပြားသောရှေး၌ ဖြစ်ဖူးသော ဘ၀ကိုအောက်မေ့ခဲ့ပြီ။

  • ပုဏ္ဏား ငါသည် ညဥ့်ဦး 'ပဌမ' ယာမ်၌ ဤပဌမ ဖြစ်သော အသိဥာဏ် '၀ိဇ္ဇာ' ကို ရခဲ့ပြီ၊မမေ့မလျော့ ပြင်းစွာ အားထုတ်လျက် စေလွှတ်အပ်သော စိတ်ရှိသည် ဖြစ်၍ နေသော သူအား မသိမှု'အ၀ိဇ္ဇာ'ပျောက်၍ အသိဥာဏ် '၀ိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အ၀ိဇ္ဇာ' ပျောက်၍ အသိဥာဏ်'၀ိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ် သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

  • ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အ၀ိဇ္ဇာ ဥခွံမှ)ငါ၏ ပဌမဖောက်ခွဲ ထွက်ပေါ်လာခြင်း ဖြစ်၏။

  • ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့် ဖြစ်လတ်သော် တည်တံ့လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထို ငါသည် သတ္တ၀ါတို့၏ သေခြင်း ဖြစ်ပေါ်ခြင်းကိုသိသော 'စုတူပပါတဉာဏ်' အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။

  • ထိုငါသည် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တ၀ါ၊ ဖြစ်ပေါ်ဆဲသတ္တ၀ါ၊ ယုတ်သော သတ္တ၀ါ၊ မြတ်သောသတ္တ၀ါ၊ အဆင်းလှသော သတ္တ၀ါ၊ အဆင်းမလှသော သတ္တ၀ါ၊ ကောင်းသော လားရာ ရှိသော သတ္တ၀ါ၊မကောင်းသော လားရာရှိသော သတ္တ၀ါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်သော သတ္တ၀ါတို့ကို သိ၏၊''အချင်းတို့ ဤသတ္တ၀ါတို့သည် ကိုယ်ဖြင့် ပြုသော မကောင်းသော အကျင့် 'ကာယဒုစရိုက်' နှင့်ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော မကောင်းသော အကျင့် '၀စီဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ စိတ်ဖြင့်ပြုသောမကောင်းသော အကျင့် 'မနောဒုစရိုက်' နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲကုန်၏၊ မှားသောအယူရှိကုန်၏၊ မှားသော အယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထိုသတ္တ၀ါတို့သည် ခန္ဓာကိုယ် ပျက်စီး၍သေပြီးသည်မှ နောက်၌ ချမ်းသာကင်းရာ မကောင်းသော လားရာ ဖရိုဖရဲကျရောက်ရာ ငရဲ၌ ဖြစ်ပေါ်ကုန်၏၊ အချင်းတို့ ဤ သတ္တ၀ါ တို့သည်ကား ကိုယ်ဖြင့် ပြုသော ကောင်းသော အကျင့် 'ကာယသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ နှုတ်ဖြင့် ပြုသော ကောင်းသော အကျင့် '၀စီသုစရိုက်'နှင့် ပြည့်စုံကုန်၏၊စိတ်ဖြင့် ပြုသော ကောင်းသော အကျင့် 'မနောသုစရိုက်'နှင့် ပြည့်စုံကုန်၏၊ အရိယာတို့ကို စွပ်စွဲခြင်းမှကင်းကုန်၏၊ မှန်သော အယူရှိကုန်၏၊ မှန်သော အယူဖြင့် ပြုသောကံ ရှိကုန်၏၊ ထို သတ္တ၀ါတို့သည်ခန္ဓာကိုယ် ပျက်စီး၍ သေပြီး သည်မှ နောက်၌ ကောင်းသော လားရာ လူ့ပြည် နတ်ပြည် 'သုဂတိ'၌ဖြစ်ပေါ်ကုန်၏'' ဟု သိ၏။

  • ဤသို့လျှင် အထူးသဖြင့် စင်ကြယ်သော လူတို့၏ မျက်စိထက် သာလွန်သော နတ်မျက်စိနှင့်တူသော 'ဒိဗ္ဗစက္ခု' ဉာဏ်ဖြင့် သေဆဲသတ္တ၀ါ၊ ဖြစ်ပေါ်ဆဲသတ္တ၀ါ၊ ယုတ်သော သတ္တ၀ါ၊ မြတ်သောသတ္တ၀ါ၊ အဆင်းလှသော သတ္တ၀ါ၊ အဆင်းမလှသော သတ္တ၀ါ၊ ကောင်းသော လားရာရှိသော သတ္တ၀ါ၊မကောင်းသော လားရာရှိသော သတ္တ၀ါတို့ကို မြင်၏၊ ကံအားလျော်စွာ ဖြစ်ပေါ်သော သတ္တ၀ါတို့ကိုသိ၏။

  • ပုဏ္ဏား ငါသည် သန်းခေါင် 'မဇ္ဈိမ' ယာမ်၌ ဤဒုတိယဖြစ်သော အသိဥာဏ် '၀ိဇ္ဇာ' ကို ရခဲ့ပြီ၊မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု'အ၀ိဇ္ဇာ'ပျောက်၍ အသိဥာဏ် '၀ိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အ၀ိဇ္ဇာ' ပျောက်၍ အသိဥာဏ်'၀ိဇ္ဇာ'ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ် သကဲ့သို့ (ငါ့အား) အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

  • ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံအတွင်းမှ ဖောက်ခွဲ ထွက်ပေါ် လာသကဲ့သို့ (အ၀ိဇ္ဇာဥခွံမှ) ငါ၏ ဒုတိယ ဖောက်ခွဲ ထွက်ပေါ်လာခြင်းဖြစ်၏။

  • ဤသို့ တည်ကြည်သော စိတ်သည် စင်ကြယ်လတ်သော် ဖြူစင်လတ်သော် ညစ်ကြေးမရှိလတ်သော် ညစ်ညူးခြင်း ကင်းလတ်သော် နူးညံ့လတ်သော် ပြုခြင်းငှါ အသင့် ဖြစ်လတ်သော်တည်တံ့ လတ်သော် မတုန်လှုပ်ခြင်းသို့ ရောက်လတ်သော် ထိုငါသည် အာသဝေါ တရားတို့ကိုကုန်စေသော 'အာသ၀က္ခယ' ဥာဏ်အလို့ငှါ စိတ်ကို ရှေးရှုညွတ်စေခဲ့ပြီ။

  • ထိုငါသည် ဤကား ဆင်းရဲ 'ဒုက္ခ'ဟုဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲ ဖြစ်ပေါ်ခြင်း၏အကြောင်း 'ဒုက္ခသမုဒယ' ဟု ဟုတ်မှန်သော အတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်)'ဒုက္ခနိရောဓ'ဟု ဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းကျင့်စဉ် 'ဒုက္ခနိရောဓဂါမိနီပဋိပဒါ'ဟု ဟုတ်မှန်သောအတိုင်းသိခဲ့ပြီ၊ ဤသည်တို့ကား ယိုစီးခြင်း'အာသ၀'တို့ဟု ဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသ၀' တို့ ဖြစ်ပေါ်ခြင်း၏အကြောင်း'အာသ၀သမုဒယ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကား ယိုစီးခြင်း 'အာသ၀' တို့ ချုပ်ရာ(နိဗ္ဗာန်) 'အာသ၀နိရောဓ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ၊ ဤကားယိုစီးခြင်း 'အာသ၀' တို့ ချုပ်ရာ(နိဗ္ဗာန်သို့) ရောက်ကြောင်း ကျင့်စဉ် 'အာသ၀နိရောဓဂါမိနီပဋိပဒါ'ဟုဟုတ်မှန်သောအတိုင်း သိခဲ့ပြီ။ဤသို့ သိသော် ဤသို့ မြင်သော် ထိုငါ (ဘုရား)၏ စိတ်သည့်ကာမာသ၀မှလည်း လွတ်မြောက်ခဲ့ပြီ၊ဘ၀ါသ၀မှလည်း လွတ်မြောက်ခဲ့ပြီ၊ အ၀ိဇ္ဇာသ၀မှလည်းလွတ်မြောက်ခဲ့ပြီ၊ လွတ်မြောက်ပြီးလတ်သော်လွတ်မြောက် ခဲ့လေပြီဟု အသိဥာဏ် ဖြစ်ပေါ်၏၊ ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သော အကျင့်ကိုကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှါတစ်ပါးသော ပြုဖွယ် မရှိတော့ပြီဟု သိခဲ့ပြီ။

  • ပုဏ္ဏား ငါသည် မိုးသောက် 'ပစ္ဆိမ' ယာမ်၌ ဤတတိယဖြစ်သော အသိဥာဏ် '၀ိဇ္ဇာ' ကို ရခဲ့ပြီ၊မမေ့မလျော့ ပြင်းစွာ အားထုတ်လျက်စေလွှတ်အပ်သော စိတ်ရှိသည်ဖြစ်၍ နေသော သူအား မသိမှု'အ၀ိဇ္ဇာ' ပျောက်၍ အသိဥာဏ် '၀ိဇ္ဇာ' ဖြစ်ပေါ်သကဲ့သို့ (ငါ့အား) မသိမှု 'အ၀ိဇ္ဇာ' ပျောက်၍အသိဥာဏ်'၀ိဇ္ဇာ' ဖြစ်ပေါ်ခဲ့ပြီ၊ အမိုက်မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ် သကဲ့သို့ (ငါ့အား)အမိုက် မှောင်ပျောက်၍ အလင်းရောင် ဖြစ်ပေါ်ခဲ့ပြီ။

  • ပုဏ္ဏား ဤသည်ကား ကြက်ငယ်သည် ဥခွံတွင်းမှ ဖောက်ခွဲထွက်ပေါ်လာသကဲ့သို့ (အ၀ိဇ္ဇာ ဥခွံမှ)ငါ၏ တတိယ ဖောက်ခွဲထွက်ပေါ်လာခြင်း ဖြစ်၏။

  • ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား-''အသျှင် ဂေါတမသည် အကြီး ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ် ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်)အလွန် နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ် ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိလည်သောသူအားလမ်းမှန်ကို ပြောကြား ဘိသကဲ့သို့ လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကိုမြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီး တန်ဆောင်ကို ဆောင်ပြ ဘိသကဲ့သို့ လည်းကောင်း အသျှင်ဂေါတမ ဤအတူ သာလျှင် အသျှင် ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထို အကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်းကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံး ကိုးကွယ် ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်း သံဃာနှင့် အတူဝေရဉ္ဇာမြို့၌၀ါဆိုခြင်း ကိုလည်း လက်ခံတော်မူပါ''ဟု လျှောက်၏။

  • မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် (၀ါကပ်ရန်) လက်ခံတော်မူ၏၊ ထိုအခါ ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေ ပြုပြီးလျှင် ဖဲခွါသွားလေ၏။

ကမ္ဘာပေါ်၌ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံး တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီး

 မြန်မာပြည်တွင် သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်သည့် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီး၏ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့် ဘွဲ့များကို ဗဟုသုတ ပွားများရန်အလို့ငှာ တင်ပြချင်ပါသည်။ မြန်မာနိုင်ငံတွင် (၆၂)ကြိမ်မြောက် ကျင်းပခဲ့သည့် စာမေးပွဲတွင် ယနေ့ (၂ဝ၁ဝ)အထိ တိပိဋကဓရ တိပိဋကကော ဝိဒဘွဲ့ အောင်မြင်သည့် ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိသေးသည့် အတွက်ကြောင့်လည်း ဖြစ်သည်။ ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့် (၄ဝ)၊ ကျမ်းပေါင်း (၅၄)ကျမ်း၊ စာမျက်နှာအားဖြင့် (၁၆၇၅၅)မျက်နှာ ရှိ၍ အဋ္ဌကထာ (၅၁)အုပ်၊ ဋီကာ (၂၆)အုပ် ရှိရာ တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီးနှင့် ကျမ်းအစုံ (၄ဝ)လုံးပြဋ္ဌာန်းထားသော်လည်း သင်ရိုးပိဋကတ်(၃)ပုံ ကိုသာ အများအားဖြင့် ပြန်ဆိုကြ၊ ဖြေဆိုကြပါသည်။
၎င်းသင်ရိုးပိဋကတ်(၃)ပုံမှာ (၁) ပါဠိတော်(၅)ကျမ်း၊ အုပ်ရေ(၅)အုပ်၊ စာမျက်နှာ (၂၂၆ဝ)။ (၂) သုတ္တန္တာပိဋက ပါဠိတော်(၃)ကျမ်း၊ အုပ်ရေ(၃)အုပ်၊ စာမျက်နှာ(၇၇၉)။ (၃) အဘိဓမ္မာပိဋက ပါဠိတော်ရှေ့ပိုင်း(၅)ကျမ်း၊ အုပ်ရေ(၄)အုပ်၊ စာမျက်နှာ (၁၃၉ဝ)၊ ပါဠိတော်နောက်ပိုင်း (၂)ကျမ်း၊ အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)၊ အားလုံးပေါင်း အုပ်ရေ(၂ဝ)၊ စာမျက်နှာ (၈ဝ၂၆)ရှိ ပါဠိတော်ကြီးများကို အာဂုံပြန်ဆို အောင်မြင်ပါက 'တိပိဋကဓရ'ဘွဲ့ကို ရရှိ၍ ၄င်းပါဠိတော်အသီးသီး၏ အဖွင့်ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏဂဏ္ဌိစသော ကျမ်းများလာ အဓိပ္ပာယ်များကို သဘောရေးဖြေ အောင်မြင်ပါက 'တိပိဋက ကောဝိဒ'ဘွဲ့ကို ရရှိပါသည်။

ထိုတွင် (၁) ဝိနယပိဋက၌
(၁) ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ (၃၈၁)၊ (၂)ပါစိတ္တိယပါဠိတော် စာမျက်နှာ(၄၇ဝ)။ အားလုံးပေါင်း (၈၅၁)မျက်နှာကို ပြန်ဆို အောင်မြင်ပါက 'ဥဘတောဝိဘင်္ဂဓရ' ဘွဲ့ရရှိပါသည်။ ဆက်လက်၍ (၃)မဟာဝဂ္ဂပါဠိတော် စာမျက်နှာ(၅၁၁)၊ (၄)စူဠဝဂ္ဂါ ပါဠိတော်စာမျက် နှာ(၅ဝ၈)၊ (၅) ပရိဝါပါဠိတော် စာမျက်နှာ(၃၉ဝ)။ အားလုံးပေါင်း (၁၄ဝ၉)မျက်နှာကို ဖြေဆိုအောင်မြင်ပါက 'ဝိနယဓရ'ဘွဲ့ကိုရရှိပါသည်။ ယင်းပါဠိတော်များ၏ အဖွင့်ဖြစ်သော (၁)ပါရာဇိကဏ်အဋ္ဌကထာ၊ (၂)ပါစိတျာဒိ အဋ္ဌကထာ၊ (၃)စူဠဝဂ္ဂဒိအဋ္ဌကထာ၊ အားလုံးပေါင်း စာမျက်နှာ(၁၃၆ဝ)။ သာရတ္တဋီကာ၊ ဝိမတိဋီကာ၊ ဝဇိရဗုဒ္ဓိဋီကာ၊ အားလုံးပေါင်း ဋီကာစာမျက်နှာ (၂၇၁၁)၊ ယောဇနာ စာမျက်နှာ(၆၅၅)လာ သဘောအဓိပ္ပာယ်များနှင့် နိဿယဘာသာဋီကာ ကျမ်းများလာ အဓိပ္ပာယ်များ၏ ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက ဝိနည်းရှေ့ပိုင်းရေးဖြေ အောင်မြင်သဖြင့် 'ဥဘတောဝိဘင်္ဂကောဝိဒ' ဘွဲရရှိပါသည်။ အလုံးစုံအောင်မြင်ပါက ဝိနည်းနောက်ပိုင်းပါ ရေးဖြေ အောင်မြင်သဖြင့် 'ဝိနယကောဝိဒ'ဘွဲ့ကို ရရှိပါသည်။
(၂) သုတ္တန္တပိဋကတ်၌
ဒီဃနိကာယ်(၃)ကျမ်း၊ (၃)အုပ်၊ စာမျက်နှာ(၇၇၉)၊ အာဂုံပြန်ဆို အောင်မြင်ပါက ပိဋကတစ်ပုံအောင် 'ဒီဃဘာဏက'ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်၏ အဖွင့် အဋ္ဌကထာ (၃)အုပ်၊ စာမျက်နှာ (၉၉၂)မျက်နှာ။ ဋီကာ(၅)အုပ်၊ စာမျက်နှာ (၁၉၉၂)မျက်နှာလာ အဓိပ္ပာယ်များကို ဖြေဆိုအောင်မြင်ပါက ပိဋကတစ်ပုံ ရေးဖြေအောင် 'ဒီဃနိကာယကောဝိဒ'ဘွဲ့ကို ရရှိပါသည်။ (၃) အဘိဓမ္မာပိဋက၌ အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း၊ ပါဠိတော် အုပ်ရေ(၅)အုပ်၊ စာမျက်နှာ(၁၃၉ဝ)ကို ပြန်ဆိုအောင်မြင်ပါက 'မူလအာဘိဓမ္မိက'ဘွဲ့ကိုရရှိပါသည်။ အဘိဓမ္မာနောက်ပိုင်း(၂)ကျမ်း၊ ပါဠိတော် အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)ကို ပြန်ဆိုအောင်မြင်ပါက 'အာဘိဓမ္မိက'ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်တို့၏ အဖွင့်ဖြစ်သော အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ (၁၄၆၁)မျက်နှာ။ မူလဋီကာအဋီကာ (၆)အုပ်၊ စာမျက်နှာ(၁၅၅၈) မျက်နှာလာ အဓိပ္ပာယ်များနှင့် ဂဏ္ဍိမရဘာသာဋီကာ ကျမ်းများလာ အဓိပ္ပာယ်များ၏ ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက 'အဘိဓမ္မ ကောဝိဒ'ဘွဲ့ကို ရရှိပါသည်။

တိပိဋက စာမေးပွဲကြီး၌ အာဂုံပြန်ဆိုပွဲနှင့် သဘောရေးဖြေ စာမေးပွဲ ဟူ၍ နှစ်ပိုင်းရှိရာ
(၁) အာဂုံပြန်ဆိုရာတွင် နံနက်ပိုင်း(၄)ကြိမ်၊ နေ့လယ်ပိုင်း(၅)ကြိမ်၊ ပေါင်းတစ်နေ့(၉)ကြိမ် ပြန်ဆိုရသည်။ တစ်ကြိမ်ကို (၂၅)မိနစ် တိတိပြန်ဆိုရ၍ (၁ဝ)မိနစ်နားပြီးက ဆက်ပြန်ရသည်။ နံနက် (၈)နာရီမှ(၁ဝ)နာရီအထိ လည်းကောင်း ၊နေ့လယ်(၁)နာရီမှ ညနေ(၄)နာရီအထိ လည်းကောင်း ပြန်ဆိုရသည်။ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် စာမျက်နှာ(၁ဝဝ)မှ (၁၅ဝ)ခန့် ပြန်ဆိုရသည်။ တစ်ရက်လုံး (၅)ကြိမ်သာ ထောက်ရသည်။ (၅)ကြိမ်ထက် ပိုထောက်ရပါက ကျရှုံးပါသည်။ ကျမ်းတိုင်းတွင် အထောက်အမ လွတ်ကင်းသန့်ရှင်းစွာ ပြန်ဆိုနိုင်ပါက 'ဝိသိဋ္ဌ' ဟူသော ဂုဏ်ထူးတပ်၍ ဘွဲ့တံဆိပ် လှူဒါန်းသည်။
(၂) သဘောရေးဖြေ၌ (၁ဝဝ)မှတ်တန်(၁၂)ပုဒ်မေး၍ နှစ်သက်ရာ (၁ဝ)ပုဒ် ဖြေဆိုရသည်။ ဖြေဆိုချိန်မှာ နေ့လယ် (၁၂)နာရီခွဲမှ ညနေ(၄)နာရီ ခွဲအထိ ဖြစ်သည်။ ကျမ်းတိုင်းတွင် (၇၅)မှတ်ရက သာမန်ရိုးရိုးအောင်၍ (၈၅)မှတ် အထက်ကိုရလျှင်ဖြစ်စေ၊ နေ့စဉ်အနည်းဆုံး (၈ဝ)မှတ်ရ၍ ပျမ်းမျှရာခိုင်နှုန်း (၉ဝ)ရလျှင်ဖြစ်စေ 'မဟာ' ဟူသော ဂုဏ်ထူးဘွဲ့ကိုပေးအပ်ပါသည်။
ပိဋကတ်တစ်ခုပုံကို အာဂုံပြန်ဆိုအောင်မြင်က အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံ အောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက်၊ သုံးပုံလုံး ပြန်ဆိုအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်သုံးလက်တံဆိပ်ပါရှိသော သာသနာ့ အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်းခံရသည်။ပိဋကတ်တစ်ပုံကို သဘောရေးဖြေ အောင်မြင်က အရိုးဝါကနက္ကဒဏ် ထီးဖြူတော် တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်၊ ကုန်းလမ်း၊ရေလမ်း အထက်တန်း အခမဲ့ ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်းဆန်တော် အလှူအဖြစ် (နဝကမ္မဝတ္ထု)တို့ကို နိုင်ငံတော်အစိုးရက လှူဒါန်းပါသည်။ သုံးပုံလုံး ရေးဖြေအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တံဆိပ် သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း သုံးဌာန အခမဲ့ အထက်တန်း ခရီးသွားလက်မှတ်နှင့် လစဉ် ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ် လှူဒါန်းပါသည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှ တိပိဋတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပါသည်။ပိဋကတ်သုံးပုံနှုတ်ငုံပြန်ဆိုပွဲမှာ စာပြန် ရက်(၁၈)ရက်ရှိ၍ (၃)ရက်ပြန်ဆို၊တစ်ရက်နားစနစ်ဖြင့် နားရက်(၆)ရက်ထည့်ပေါင်းက စာပြန်ရက်(၂၄)ရက်ရှိသည်။ ယင်းနေ့စဉ်ပြန်ဆိုမှု မှတ်တမ်းများကို စုပေါင်းစစ်ဆေး၍ အောင်စာရင်းထုတ်ပြန်ခြင်းပြုရန် နှစ်ရက် အချိန်ယူရသည်။ ထို့နောက် သဘောရေးဖြေစာမေးပွဲ(၅)ရက်နှင့် အဖြေလွှာစစ်ဆေး၊ အောင်စာရင်းထုတ်ခြင်း နှစ်ရက်ပေါင်းက စာမေးပွဲကျင်းပသည့်ရက် (၃၃)ရက်ကြာမြင့်သည့်အတွက် ကမ္ဘာပေါ်တွင် ရက်အကြာဆုံး စာမေးပွဲဟု ဆိုရမည်ဖြစ်သည်။ အထက်ပါ ပြဋ္ဌာန်းကျမ်းစာများကို အာဂုံဆောင်နိုင်ရန် သဘောရေးဖြေ အောင်မြင်ရန်မှာ တော်ရုံတန်ရုံဇွဲလုံ့လဖြင့် မရနိုင်ပေ။ ကံကလည်းတက်၊ ဥာဏ်ကလည်းထက်၊ ဆန္ဒနှင့် ဝီရိယကလည်းသွက်၊ ကျန်းမာရေးနှင့် သမာဓိကလည်း မပျက်သော သာသနာ့အာဇာနည်များသာ ပြန်ဆို ဖြေဆိုနိုင်ပေသည်။

ြ မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံ ဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋက ကောဝိဒသာသနာ့အာဇာနည် အရှင်မြတ်များမှာ (၁)မင်းကွန်းတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊(၂)ပခုက္ကူတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊(၃)ပြည်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တကောသလ္လ၊ (၄)ရန်ကုန်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊ (၅)ယောတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ (၆)ရေစကြိုတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ (၇)မော်ကွန်းတိပိဋကဓရ ဆရာတော်ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊ (၈) မြင်းမူတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊ (၉) မြင်းခြံတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊ (၁ဝ) မြိုင်တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ (၁၁)ရမ္မာဝတီတိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊ (၁၂)စစ်ကိုင်းတိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသတို့သာ (၆၂) ကြိမ်မြောက် စာမေးပွဲအထိတွင် (၁၂)ပါးသာ ရရှိတော်မူခဲ့ခြင်း ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။


ဇေယျာမြတ်ခိုင် 
(တိပိဋကယော ဆရာတော်နှင့် တိပိဋကစာမေးပွဲ အကြောင်း စာအုပ်အား မှီငြမ်းပူဇော်ရေးသားသည်။)

4/09/2014

*** ဘုရားရှင်၏ သိက္ခာသုံးပါး အကျင့်မြတ် သာသနာ

မြတ်စွာဘုရားက သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုတဲ့

သိက္ခာသုံးပါးကို ဘာကြောင့်ဟောတာလဲဆိုရင် ကိလေသာသုံးမျိုး

ရှိတဲ့အတွက် ဟောတော်မူခြင်း ဖြစ်ပါတယ်။ ကိလေသာ သုံးမျိုးက

အနုသယကိလေသာ၊ပရိယုဋ္ဌာနကိလေသာ

ဝီတိက္ကမကိလေသာတို့ ဖြစ်ပါတယ်။


အနုသယကိလေသာဆိုတာက ကိန်းနေတဲ့ ကိလေသာကို ခေါ်ပါတယ်။

ကိန်းနေတယ်ဆိုတာက လောဘဖြစ်စရာ အာရုံနဲ့ မကြုံသေးခင်မှာ

မရှိသလို ဖြစ်နေပြီးတော့ အာရုံနဲ့ ကြုံမှဖြစ်လာတာပါ။ ဒါကြောင့်

အာရုံနဲ့ကြုံရင် ဖြစ်ဖို့ကိန်းနေတဲ့ သဘောဟာ အနုသယ ကိလေသာပါပဲ။


မိမိကို စိတ်ဆိုးအောင် တစ်ယောက်ယောက်က

မပြောဆိုသေးခင်မှာ ဒေါသ မဖြစ်သေးပါဘူး။ ဒါပေမယ့် စိတ်ဆိုးစရာ

အာရုံနဲ့ကြုံတဲ့ အခါမှာ ဒေါသဖြစ်လာတာပါပဲ။ အဲ့ဒီလို စိတ်ဆိုးစရာ

အာရုံနဲ့ကြုံတဲ့အခါ ဒေါသဖြစ်လာတာဟာ အနုသယ

ရှိနေလို့ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ အနုသယမရှိရင်

ဘယ်လိုအာရုံနဲ့ပဲကြုံကြုံ မဖြစ်ပါဘူး။


အနုသယကိလေသာ (၇)ပါး ရှိပါတယ်။ လောဘဖြစ်စရာ

အာရုံနဲ့ကြုံရင် ဖြစ်လာမယ့် သဘောကို ကာမရာဂါ

နုသယလို့ ခေါ်ပါတယ်။ ဒေါသဖြစ်စရာ

အာရုံနဲ့ကြုံရင် ဖြစ်လာမယ့် သဘောကို ပဋိဃာနုသယလို့ ခေါ်ပါတယ်။


မာနဖြစ်စရာ အာရုံနဲ့ကြုံ၇င် ဖြစ်လာမယ့် သဘောကို မာနာနုသယလို့

ခေါ်ပါတယ်။ ဒိဋ္ဌိဖြစ်စရာ အာရုံနဲ့ကြုံရင် ဖြစ်လာမယ့် သဘောကို

ဒိဋ္ဌာနုသယလို့ ခေါ်ပါတယ်။ ၀ိစိကိစ္ဆာဖြစ်စရာ အာရုံနဲ့ကြုံလာရင်

ဖြစ်လာမယ့် သဘောကို ၀ိစိကိစ္ဆာ နုသယလို့ ခေါ်ပါတယ်။အ၀ိဇ္ဇာဖြစ်စရာ

အာရုံနဲ့ကြုံ၇င် ဖြစ်လာမယ့် သဘောကို အ၀ိဇ္ဇာ နုသယလို့ ခေါ်ပါတယ်။


ဘ၀တဏှာ ဖြစ်စရာ အာရုံနဲ့ကြုံလာရင် ဖြစ်လာမယ့် သဘောကို ဘ၀ရာဂါ

နုသယလို့ ခေါ်ပါတယ်။မဖြစ်မှီမှာ မရှိသလိုပဲ ကိန်းနေပါတယ်။ အဲ့ဒီ

အကိန်းဓာတ် ချုပ်သွားမှ နိဗ္ဗာန် ခေါ်ပါတယ်။ အနုသယ မကျန်အောင်ချုပ်မှ

နိရောဓသစ္စာ နိဗ္ဗာန် ခေါ်တာပါ။


ပရိယုဋ္ဌာန ကိလေသာဆိုတာကတော့ လောဘဖြစ်စရာ

အာရုံနဲ့ကြုံ၇င် လောဘဖြစ်လာတယ်။ ဒေါသဖြစ်စရာ

အာရုံနဲ့ကြုံရင် ဒေါသဖြစ်လာတယ်။ ဒါပေမယ့် ကာယကံ

ဝစီကံမြောက်အောင်တော့ မကျူးလွန်သေးဘူး။ အဲ့ဒါကို ပရိယုဋ္ဌာန

ကိလေသာလို့ ခေါ်ပါတယ်။ စိတ်ထဲမှာ ထကြွသောင်းကျန်းနေတဲ့

ကိလေသာကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။


ဝီတိက္ကမ ကိလေသာဆိုတာက စိတ်ထဲမှာ သောင်းကျန်းနေတဲ့ ပရိယုဋ္ဌာန

ကိလေသာဟာ ပိုပြီးတော့ အားကောင်းလာပြီးတော့၊ မအောင့်နိုင်တော့ဘဲနဲ့

ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယစတဲ့

မကောင်းမှု့ ဒုစရိုက်တွေကို ကျူးလွန်ကုန်ကြတော့တာပါပဲ။ အဲ့ဒီလို

ကာယကံ ၀စီကံမြောက်အောင် ကျူးလွန်တဲ့ ကိလေသာကို ခေါ်ပါတယ်။


အဲ့ဒီ ကိလေသာသုံးပါးကို ငြိမ်းစေဖို့အတွက်

သိက္ခာသုံးပါးကို မြတ်စွာဘုရားရှင် ထားတော်မူခဲ့ပါတယ်။

ကိလေသာသုံးပါးမှာ အကြမ်းတမ်းဆုံး ၀ိတိက္ကမ ကိလေသာအတွက်

သီလသိက္ခာကို ထားတော်မူခဲ့ပါတယ်။ သီလသိက္ခာကို ဖြည့်ကျင့်တဲ့သူဟာ

ကာယကံ ၀စီကံတွေကို မကျူးလွန်တော့ပါဘူး။ မကျူးလွန်တော့ ၀ိတိက္ကမ

ကိလေသာတွေ ငြိမ်းသွားပါတယ်။


အဲ့ဒီလို ကိလေသာ အကြမ်းစားတွေ ငြိမ်းတဲ့အခါ မိမိရဲ့စိတ်ကလေးကို

တခုတည်းသော ကမ္မဋ္ဌာန်းအာရုံမှာ ထားပြီး

ကျင့်ကြံအားထုတ်ရင် လောဘ၊ ဒေါသ၊ မောဟကို ဖြစ်စေတတ်တဲ့

အာရုံငါးပါး ကာမဂုဏ်တွေ စိတ်ထဲကို ၀င်မလာတော့ဘူး။ မ၀င်လာရင်

ပရိယုဋ္ဌာန ကိလေသာတွေ ငြိမ်းသွားပါတယ်။ ဒါကြောင့် ပရိယုဋ္ဌာန

ကိလေသာအတွက် သမာဓိ သိက္ခာကို ထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။


အဲ့ဒီလို သမာဓိ သိက္ခာကို ကျင့်လိုက်လို့ ကိလေသာတွေ အနည်ထိုင်ပြီး

စိတ်ကြည်လင်လာတဲ့အခါ အနုသယ ကိလေသာကို ပယ်သတ်ဖို့အတွက်

ပညာသိက္ခာကို ကျင့်ရပါမယ်။ ပညာသိက္ခာဆိုတာ ဘာလဲဆိုတော့

မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ခေါ်ပါတယ်။


မိမိတို့ နေရိုးနေစဉ်အတိုင်း စားသောက်နေထိုင် သွားလာနေတဲ့အခါမှာ

ခန္ဓာကြီးအကြောင်း ဘာမှမသိပါဘူး။ မသိလို့ပဲ ခန္ဓာကြီးကို

တပ်မက်တွယ်တာပြီးတော့ နေကြပါတယ်။ တရားဘာဝနာကို

ကောင်းစွာအားထုတ်လို့ ခန္ဓာကြီးရဲ့ ဖောက်ပြန်မှု့သဘော၊ အရှိကို

အရှိအတိုင်း သိလာပြီး အမှန်မြင်လာပြီဆိုရင် ၀ိပဿနာ သမ္မာဒိဋ္ဌိ

ပညာဥာဏ် ရလာတော့မှာ ဖြစ်ပါတယ်။


ခန္ဓာကြီးရဲ့ ဖောက်ပြန်ပျက်စီးမှု့၊ မမြဲမှု့၊ အစိုးမရမှု့၊ ဆင်းရဲမှု့တွေကို

ပိုမြင်အောင် မျက်ခြေမပြတ် အသိကပ်ပေးခြင်းက သမ္မာသင်္ကပ္ပ

ပညာမဂ္ဂင်နဲ့ မှန်ကန်စွာ အကြံပေးနေခြင်းပဲ ဖြစ်ပါတယ်။


အရေးကြီးဆုံးက အခြေခံ သီလပါပဲ။ သီလနဲ့ပတ်သက်လို့

အရိယာတို့သီလမျိုးကို အားကျ အတုယူသင့်ပါတယ်။ ပုထုဇဉ်တွေ စောင့်တဲ့

သီလမျိုး၊ လူကောင်းနတ်ကောင်း ဖြစ်ချင်လို့ စောင့်တဲ့ တဏှာဦးစီးတဲ့

သီလမျိုး မဟုတ်ပါဘူး။ ဒုစရိုက်အမှု့ကို ရွံရှာမုန်းတီးလို့၊ မကျူးလွန်ချင်လို့၊

မကျူးလွန်ပဲနေတဲ့ သီလမျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီသီလမျိုးကိုမှ

အရိယာတွေက နှစ်သက်ပါတယ်။


အဲ့ဒီသီလကို အရိယာကန္တသီလလို့ ခေါ်ပါတယ်။ ဒါကတော့ အရိယာတွေရဲ့

သီလပါ။ သာမန်ပုထုဇဉ်တွေကတော့ လူမှာဆို ငါးပါးသီလ။ သာမဏေမှာဆို

ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ၇၅-ပါး၊ ခန္ဓက၀တ်

၁၄-ပါး၊ ရဟန်းမှာဆို ၂၂၇-သွယ်သော သိက္ခာပုဒ်၊ အကျယ်အားဖြင့်

ကုဋေကိုးထောင်ကျော်တဲ့ သိက္ခာပုဒ်တွေ။ ဒါတွေဟာ သီလသိက္ခာတွေပါပဲ။


သီလရှိမှသာ သမာဓိ ဖြစ်လာပါမယ်။ သမာဓိဖြစ်မှသာ ပညာဖြစ်နိုင်ပါတယ်။

ပညာရှိမှသာ ဒုက္ခသစ္စာကို ပိုင်းခြားပြီးတော့ သိနိုင်ပါမယ်။

ပညာမရှိရင်တော့ ဤစာရေးသားသူ အရှင်အပါအ၀င် တစ်လောကလုံးက

သတ္တ၀ါတွေ ဒုက္ခကို သုခလို့ထင်ပြီး ပျော်တပြုံးပြုံးပဲ ဖြစ်နေကြဦးမှာပါဘဲ။


* တရားစကား, ဘယ်လိုဟောလဲ၊

* လိပ်ကျော, ကြောင်ကော်, ပြောင်ချော်ချော်နဲ့၊

* ပျော်တပြုံးပြုံး, မော်မဆုံးဘဲ၊

* နှလုံးမယဉ်, ပုထုဇဉ်တို့၊

* ငယ်ခါယုတ်မာ, ကြီးခါဆိုးဝါး၊

* သြော်………တရား မရနိုင်ကြပါလား။


BY – ASHIN SUMANGALA

ရဟတ်ပမာ သံသ၇ာစက် ဝဲဂယက် သြယလေးသွယ် ကူးဖို့ရွယ်

မျက်စိနဲ့ ရူပါရုံ မတိုက်ဆိုင်မီက မျက်စိထဲမှာ မြင်စိတ်မရှိသေးပါ၊ မျက်စိနဲ့ ရူပါရုံ တိုက်ဆိုင်တော့မှ "မြင်စိတ်" ဖြစ်လာတာပါ ၊ မူလက မရှိ၊ မျက်စိနဲ့ ရူပါရုံ တိုက်ဆိုင်တော့မှ ဖြစ်လာတာဆိုတော့ ဒီမြင်စိတ်ဟာ အတိတ်ဘဝက လာတာလို့ မဆိုနိုင်ပါ၊

မျက်စိကို မှိတ်လိုက်သော်လည်းကောင်း၊ ရူပါရုံကို ကွယ်ထားလိုက်သော်လည်းကောင်း တစ်ခုခု ချွတ်ယွင်းသွားရင် မြင်စိတ်ဟာလည်း ချုပ်သွားရတာသာ ဖြစ်လို့ အနာဂတ် ဘဝသို့ ထွက်သွားတယ်လို့ မဆိုနိုင်ပါ၊ ဒီနေရာ ဖြစ်ပြီး ဒီနေရာမှာ ချုပ်သွားတာပါ၊ အာရုံဒွါရ ထောက်ပံ့ဆဲ ပစ္စုပ္ပန်ခဏတွင် သာရှိတယ်ဆိုတာ ထင်ရှားပါတယ်။

ဤနည်းတူ ကြွင်း၊နားနင့်အသံ၊ နှာခေါင်းနှင့် အနံ စသည့် ကိစ္စများကိုလည်း သိပါလေ။

အာရုံခြောက်ပါးကို သိတတ်သော ခြောက်ပါးသော ဝိညာဏ်ကလွဲပြီး ခန္ဓာကိုယ်မှာ အသက်၊ လိပ်ပြာ၊ အတ္တ၊ ဇီဝမရှိ၊ ထိုခြောက်ပါးသော ဝိညာဏ်ကိုပင် " ငါ " ဟု အတ္တ စွဲနေကြတာပါ။

အတ္တစွဲကွာအောင် စိစစ်ဖို့ကတော့ - မျက်စိနဲ့ ရူပါရုံ မပေါင်းဆုံဘဲ မြင်စိတ်မဖြစ်နိုင်၊ ပေါင်းစုံမှသာ မြင်စိတ်ဖြစ်နိုင်တာမို့ " ငါ " မြင်တယ်လို့ ဆိုရန်မသင့်ပါ၊ ပုထုဇဉ်က " ငါက မြင်တယ် " လို့ထင်တယ်၊ အရိယာက မြင်စိတ်ဖြစ်တာလို့ သိတယ် ၊ ဒါကြောင့် ပုထုဇဉ်နှင့်ပြောင်းပြန်သိမှ အရိယာဖြစ်တယ်လို့ ဆိုရပေလိမ့်မည်၊

အာရုံနဲ့ဒွါရ ပေါင်းဆုံမှသာ အသိစိတ် ဖြစ်နိုင်လေတော့ ထိုခြောက်ပါးသော ဝိညာဏ်ကို " ငါလို့ " မဆိုနိုင်ပါ၊ ဒါက ခြောက်ပါးသော ဝိညာဏ်မှာ စွဲတဲ့ သက္ကာယဒိဋ္ဌိ ကို ခွာတာပါ။

ဝိစိကိစ္ဆာကို ခွာဖို့ကတော့ - ထိုခြောက်ပါးသော ဝိညာဏ်ဟာ အတိတ်ဘဝက လာတာမဟုတ်၊ " အာရုံ ဒွါရ ထိခိုက်မှ ဖြစ်တယ်" ဆိုတော့ ငါသည် ရှေးတုန်းက ဖြစ်ခဲ့ဖူးလေသလော၊ မဖြစ်ခဲ့ဖူးလော၊ ဖြစ်ခဲ့ရင် ဘယ်လို ဇာတ်ပါလိမ့်၊ ဘယ်လိုအခြင်းအရာပါလိမ့်၊ ဘယ်လိုသဏ္ဍာန်ပါလိမ့်ဟု ယုံမှားစရာ မလိုတော့ပါ။

ထိုခြောက်ပါးသော ဝိညာဏ်ဟာ " အာရုံ ဒွါရ တစ်ခုခု ချွတ်ယွင်းသွားရင် ချု့ပ် " တယ်။ အနာဂတ်ဘဝ သို့ မသွားဘူးဆိုတော့ ငါသည် အနာဂတ်ဘဝ သို့ သွားရဦးမှာလား၊ မသွားတော့ဘူး ၊ သွားရင် ဘယ်လိုဇာတ်ပါလိမ့်၊ ဘယ်လိုအခြင်းအရာပါလိမ့်၊ ဘယ်လို သဏ္ဍာန်ပါလိမ့်ဟု ယုံမှားစရာ မလိုတော့ပါ။

အာရုံခြောက်ပါးကို ငါက သိတာ မဟုတ်။ " အာရုံ ဒွါရ ထိခိုက်ကြလို့ သိမှုဖြစ်တာ " ဆိုတော့ ယခုသိတာဟာ ငါလား၊ ငါမဟုတ်ဘူးလား၊ ငါဆိုရင် ဘယ်လိုဇာတ်ပါလိမ့်၊ ဘယ်လို အခြင်းအရာပါလိမ့်၊ ဘယ်လို သဏ္ဍာန်ပါလိမ့်၊ ဘယ်ကလာ၍ ဘယ်ကိုသွားမှာပါလိမ့် ဘယ်ကလာ၍ ဘယ်ကို သွားမှာပါလိမ့်ဟု ယုံမှားစရာလည်း မလိုတော့ပါ၊ ဒါက ကင်္ခါယုံမှား ဆယ့်ခြောက်ပါးကို ခွာတာ ဖြစ်တယ်။

ထိုဝိညာဏ်ခြောက်ပါးဟာ -
~ အတိတ်ဘဝက လာတာလည်း မဟုတ်
~ အနာဂတ်ဘဝကိုလည်း မသွား
~ ဒီနေရာမှာ ဖြစ်၍ ဒီနေရာမှာ ချုပ်တယ် လို့သိတော့
အတိတ်ဘဝမှ ပစ္စုပ္ပန်ဘဝ သို့ လာပြီး အနာဂတ်ဘဝသို့ သွားတယ်လို့ ထင်နေတဲ့ "သဿတဒိဋ္ဌိ " သေတယ်။

အကြောင်းထောက်ပံ့မှ ဖြစ်တာ ကို သိလေတော့ သေရင်မြေကြီးသာ ဖြစ်တယ်။ ဘဝဟာ ပြတ်တယ်လို့ ထင်နေတဲ့ "ဥစ္ဆေဒဒိဋ္ဌိ" သေတယ်၊ အဲဒီလို သဿတ၊ ဥစ္ဆေဒ ဆိုတဲ့ ဒိဋ္ဌိနှစ်ပါးကင်းလေတော့ -

သင်္ခါရတရားတို့သည် " အကြောင်းထောက်ပံ့ဆဲ ပစ္စုပ္ပန်ခဏမှသာ ရှိတာပါလား။ ထာဝရ ရှိ မဟုတ်ပါလား " လို့သိလေတော့ အနိစ္စ မြင်တယ်။

အကြောင်းထောက်ပံ့လျှင် ဖြစ်ပြီး အကြောင်းချုပ်ရင် ချုပ်တာကို သိလေတော့ ဖြစ်ပြီးလျှင် ပျက်စီးတတ်သော ဝိပရိဏာမ ဒုက္ခသစ္စာတရားပါလားလို့ ဒုက္ခကိုမြင်တယ်၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်၍ ကြောက်စရာ ကောင်းတာကို မြင်မှ ဒုက္ခသစ္စာကို မြင်ရာကျတယ်၊ မခံသာတာက ဒုက္ခဝေဒနာသာ ဖြစ်တယ်။

သင်္ခါရတရားတို့သည် အကြောင်းမထောက်ပံ့ဘဲ မဖြစ်နိုင်၊ ထောက်ပံ့လို့ ဖြစ်လာပြန်သော်လည်း " အကြောင်းချုပ်လျှင် ချုပ်ရတော့သည့် အတွက် အစိုးရသူ မရှိပါလား " လို့မြင်တာက အနတ္တကို မြင်တာ။

အဲဒိလို လက္ခဏာသုံးပါးကို မြင်တော့မှ သံဝေဂ ဥာဏ်ပေါ်တယ်၊ ပေါ်လျှင် ငါ၊ ငါ့ဟာ လို့ စွဲနေတဲ့ သမုဒယသစ္စာ ပြတ်သွားတယ်၊ ပြတ်လျှင်ပြတ်ရာ နိရောဓသစ္စာကို မျက်မှောက်ပြုရတော့တယ်၊ မျက်မှောက်ပြုတဲ့ ဥာဏ်သည် မဂ္ဂသစ္စာဖြစ်တယ်၊ သစ္စာလေးပါး စုံပါပြီ၊ စုံမှသာ ဗုဒ္ဓတရားတော်ဖြစ်သောကြောင့် သစ္စာလေးပါးကို သိ၍ သြယလေးဖြာ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြကုန်ရာသတည်း၊

နမ္မားဆရာတော်ကြီး အရှင်ဥာဏ

Ref: ဦးသိန်းဟန် လယ်တီကမ္မဋ္ဌာနစရိယ ပဋိစ္စသမုပ္ပါဒ်အလင်းကျမ်း မှ

ဒိဋ္ဌိခပ်သိမ်း၏ အမြစ်မူလ သက္ကာယ

သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောဒိဋ္ဌိတို့၏ မူလ အမြစ်တည်း၊ လောက၌ အလုံးစုံသော မြက်၊ သစ်ပင် ဟူသမျှသည် မျိုးစေ့မှ ပေါက်ဖွားဖြစ်ထွန်းကြကုန်၏။ မျိုးစေ့သည် မြက်၊ သစ်ပင်တို့၏ မူလဗီဇ ဖြစ်ခဲ့၏ ၊ မျိုးစေ့ရှိခဲ့လျှင် ဘယ်နေရာမှာ မြက်၊ သစ်ပင်မပေါက်ဟု မဆိုသာ။ မျိုးစေ့မရှိ၊ မျိုးပြတ်သွားလျှင် မြက်၊ သစ်ပင် အပေါက်ငြိမ်း၏ ၊ မျိုးမပြတ်လျှင် အပေါက်မငြိမ်း ။

ဤအတူ စိတ်နှလုံးထဲမှာ သက္ကာယဒိဋ္ဌိ အပြီးပါနေသမျှ ကာလပတ်လုံး ကမ္ဘာပျက်၍ မှ ငရဲက မလွတ်ရသော နိယတမိစ္ဆာဒိဋ္ဌိကြီး ( ၃ )ပါးဘေးနှင့်တကွ၊ မိစ္ဆာဒိဋ္ဌိ ( ၆၂)ပါးသောဘေးတို့မှ မလွတ်နိုင်သေးပြီ။ ပဉ္စာနန္တရိယ ကံကြီးငါးပါးလည်း အပြီးပါရှိ၍ နေတော့သည်။ ဒုစရိုက် ( ၁၀ )ပါးလည်း အပြီးပါ၍ သာနေတော့သည်။ လူ့ပြည်မှာ လူဖြစ်သော်လည်း၊ နတ်ပြည်( ၆)ထပ်မှာ နတ်မင်းကြီး၊ သိကြားမင်းကြီး ဖြစ်သော်လည်း ၊ ဗြဟ္မာပြည်မှာ ဗြဟ္မာမင်းကြီးဖြစ်သော်လည်း ရင်ထဲမှာကား အပါယ် ( ၄)ဘုံ အပြီးပါသည်သာတည်း။

ဤသို့အားဖြင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်၌ နေကြကုန်သော ပုထုဇဉ်တို့မှာ အပါယ်ကျခွင့် သို့ တစ်နေ့ထက် တစ်နေ့ နီး၍ သွားကြလေကုန်၏။

လယ်တီဆရာတော်ဘုရားကြီး

*** ၂၅၆ ပါးသော သက္ကာယဒိဋ္ဌိ ငရဲမီး အပြီးပါရှိသည် ***

# ၂၅၆ ပါးသော သက္ကာယဒိဋ္ဌိကို မပယ်နိုင်သေးသော ပုထုဇဉ်တို့သည် -

လူပြည့်မှာ သူဌေး၊ သူကြွယ်၊ ပဒေသရာဇ်၊ ဧက၇ာဇ်၊ စကြာမင်း စည်းစိမ်ကို ရရှိခံစား၍ နေကုန် သော်လည်းရင်ထဲ နှလုံးထဲမှာ ( ၂၅၆)ပါးသော သက္ကာယ ဒိဋ္ဌိငရဲမီး ဝင်းဝင်းတောက် ထိန်ထိန်ညီး အပြီးပါရှိ၍ နေကုန်ရကား ယခုနေ့ သေလျှင် မနက်ဖြန် အဝီစိ မီးစာ ဖြစ်နိုင်ကုန်သည်။

နတ်ပြည်ခြောက်ထပ်မှ နတ်မင်း၊ သိကြားမင်း၊ ရူပ၊ အရူပ ဗြဟ္မာဘုံမှာ ဗြဟ္မာမင်းစည်းစိမ်ကို ခံစားနေရကုန်သော်လည်း ( ၂၅၆ )ပါးသော သက္ကာယဒိဋ္ဌိ ငရဲမိးညီးညီးတောက်လျက် အပြီးပါရှိနေကုန်ရကား ယခုနေ့ စုတေလျှင် မနက်ဖြန် အဝီစိ မီးစာ ဖြစ်နိုင်ကုန်၏။

# ၂၅၆ ပါးသော သက္ကာယဒိဋ္ဌိသည် လူ၊နတ်၊ဗြဟ္မာ ပုထုဇဉ် သတ္တဝါ မှန်သမျှမှာ ဖြစ်လေရာရာ အမြဲပါ၏၊

အပါယ်(၄)ဘုံနှင့်တကွ ( ၆၂)ပါးသော မိစ္ဆာဒိဋ္ဌိ၊ (၃)ပါးသော နိယတမိစ္ဆာဒိဋ္ဌိ၊ ဒုစရိုက် (၁၀ ပါး စသည်များသည် ဤသက္ကာယဒိဋ္ဌိ၏ အစီးအပွားသာတည်း ။

ရူပက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၁၁၂ )ပါး
ဝေဒနာက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၇၂ )ပါး
သညာက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၂၄ )ပါး
သင်္ခါရက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၂၄ )ပါး
ဝိညာဏက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၂၄ )ပါး

ဤပြဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိတို့ကို မပယ်နိုင်သမျှ ကာလပတ်လုံး လူဖြစ်သော်လည်း အပါယ်လေးပါး တံခါးဟင်းလင်း၊ နတ်သိကြားဖြစ်သော်လည်း အပါယ်လေးပါး တံခါးဟင်းလင်း၊ ဗြဟ္မာဖြစ်သော်လည်း အပါယ်လေးပါးတံခါး ဟင်းလင်းသာနေကြ၏။ စိတ်နှလုံးထဲမှာ ငရဲမီးထုပ်ပေါင်း ( ၂၅၆)ပါးကို ရင်ခွင်ပိုက်လျက်နေကြ၏။ စိတ်နှလုံးထဲမှာ ငရဲကြီး ( ၈ )ထပ်၊ ဖြစ်လေရာရာ အပြီးပါ၍ နေကြ၏။

ကုသိုလ်ကံ အခွင့်ရ၍ လူ့ဘဝ၊နတ်ဘဝ၊ ဗြဟ္မာဘဝကို ရကြသော်လည်း ရင်ထဲ မှာ ငရဲမီး ထပ်ကြပ်ပါ၍ နေသောကြောင့် စိတ်နှလုံးအေးရန် အခွင့်မရှိ။

လူပင်ဖြစ်သော်လည်း လူအေး မဟုတ်၊ နတ်၊ ဗြဟ္မာပင် ဖြစ်သော်လည်း နတ်အေး၊ ဗြဟ္မာအေး မဟုတ်လေရကား လယ်တီဆရာတော်ဘုရားကြီးက -

သစ္စာမသိ၊ ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်
လူတွင် စကြာ၊ နတ်မှာ သိကြား၊
မိုးဖျား ဗြဟ္မာ၊ ဖြစ်တုန်ပါလည်း၊
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွဲပါယ်ရွာ၊ ရောက်မြဲသာတည်း ဟု မြွက်ဖော်ညွန်းပြ ဆိုဆုံးမခဲ့ပေသည်။



Ref: ဦးသိန်းဟန် လယ်တီကမ္မဋ္ဌာနာစရိယ

*** နိဗ္ဗာန်၌ ရှိသောတရား ***

ဘုရားရှင်လက်ထက်တော်က ယမကရဟန်းက ရဟန္တာသေလျှင် ဘာမျှမရှိ ပြတ်ပြီဟု အယူစွဲနေခဲ့ဘူးသည်။ ထိုအယူမှားကို အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး ချေချွှတ်ပေးခဲ့ပုံကို မိုးကုတ်ဆရာတော်ကြီး ဟောကြားသော တရားမှ ကောက်နုတ်တင်ပြပါဦးမည်။

ရဟန်းများက ယမကရဟန်းသည် ရဟန္တာသေလျှင် ဘာမှမရှိ ပြတ်ပြီဆိုသည့် အယူစွဲနေကြောင်း အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးထံ လျှောက်ကြသည်။ ရဟန်းတွေက သူတင်ယူတာမဟုတ်၊ ဘုရားကဟောပါသည်ဟု ဘုရားရှင်ပါ ဥစ္ဆေဒဒိဌိဖြစ်နေကြောင်း ယူဆနေသည်ဟု ၀ိုင်းလျှောက်ပါသည်။

ထိုအခါ အရှင်သာရိပုတ္တရာက ယမကရဟန်းကိုမေးသည်။

မေး - ယမကရေ ခန္ဓာ ၅ ပါးရှိသလား။

ဖြေ - ရှိပါတယ်ဘုရား။

မေး - ရုပ်တရားကို ရဟန္တာခေါ်သလား။

ဖြေ - ရုပ်တရားကို ရဟန္တာမခေါ်ပါဘူးဘုရား။

မေး - ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် တွေကိုရော ရဟန္တာခေါ်သလား။

ဖြေ - ရဟန္တာမခေါ်ပါဘူးဘုရား။

မေး - ရုပ်ထဲမှာ၊ ခန္ဓာ ၅ ပါးထဲမှာကော ရဟန္တာရှိသလား။

ဖြေ - မရှိပါဘူးဘုရား။

မေး - ခန္ဓာ ၅ ပါး အပေါင်းကော ရဟန္တာခေါ်သလား။

ဖြေ - ရဟန္တာမခေါ်ပါဘူးဘုရား။

မေး - ခန္ဓာ ၅ ပါး မဟုတ်တဲ့ တစ်ပါးသောတရားကို ရဟန္တာဆိုမလား။

ဖြေ - ဒီလိုလဲ မဟုတ်ပါဘုရား။

မေး - ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးဆိုတာ ဘယ်မတုန်း ရဟန္တာပြောပါဦး။

ဖြေ - အရှင်ဘုရား ဒိဌိကိန်းနေတုန်းက တပည့်တော် ပြောခဲ့တာပါဘုရား။

ဒိဌိကို ရှေးဦးစွာ အသိနဲ့ ပြုတ်သွားသည်ဟု မှတ်ထိုက်ပါသည်။ သက္ကယဒိဌိ တန်းလန်းနှင့် ရဟန္တာဆိုသော ပုဂ္ဂိုလ်၊ သတ္တ၀ါ အမည်ပညတ်ကို အစွဲပြုပြီး မေးလျှင် ပြတ်သည်၊ မပြတ်ဟု ဖြေရန်မသင့်ပါ။ ဖြေလျှင်လည်း သဿတ၊ ဥစ္ဆေဒ ဒိဌိ တစ်ခုခု ဖြစ်တော့မည်။ သတိပြုသင့်ပါသည်။




ဆက်လက်၍

မေး - ခန္ဓာ ၅ ပါး က နိစ္စလား၊ အနိစ္စလား။

ဖြေ - အနိစ္စပါ ဘုရား။

မေး - ဒုက္ခလား။ သုခလား။

ဖြေ - ဒုက္ခပါဘုရား။

မေး - ဖောက်ပြန်တတ်တဲ့ သဘောရှိလို့ ငါ့ကိုယ် ငါ့ဟာလို့ ဆိုနိုင်သလား။

ဖြေ - မဆိုနိုင်ပါဘူး ဘုရား။

အေး..ကောင်းပြီး ခန္ဓာကို ဉာဏ်နဲ့လှည့်တော့လို့ အရှင်သာရိပုတ္တရာက ပြောရာ အရှင်ယမက သောတာပန်တည်သွားသည်။

သောတာပန်တည်ပြီးနောက် ဒိဌိကို အပွါးပြုတ်မှ အရှင်သာရိပုတ္တရာကဆက်မေးတယ်။

မေး - ရဟန္တာသေလျှင် ဘာမှမဖြစ်ဘူး ဆိုတဲ့ မင်းအယူဝါဒကို ကျန်ရဟန်းတွေလာမေးရင် မင်းဘယ်လိုဖြေမတုန်း။

ဖြေ - တပည့်တော်ဒီလိုဖြေပါ့မယ်ဘုရား။ ခန္ဓာ ၅ ပါးက ဒုက္ခဖြစ်တဲ့ တရားပါ။ ရဟန္တာသေတာ ဒုက္ခကုန်တာ ဒုက္ခဆုံးတာပါဘုရား။ နိဗ္ဗာန်ဆိုတာ မရှိတာမဟုတ်ဘူး၊ ဒုက္ခသာဆုံးသွားတာ သုခရှိပါတယ်ဘုရား။

ဤနေရာတွင် အရှင်သာရိပုတ္တရာက နောင်တဖန်ဖြစ်ရင် ဒုက္ခ၊ နောင်တဖန်မဖြစ်ရင် သုခပဲလို့ အင်္ဂုတ္တိုရ်မှာ တိုတိုနဲ့ အဓိပ္ပါယ်ဖွင့်ခဲ့တယ်။ ခန္ဓာ ၅ ပါးက ဒုက္ခသစ္စာတရား။ ခန္ဓာရှိလျှင် ဒုက္ခရှိ။ ခန္ဓာနောင်တဖန်မဖြစ်ရင် နိဗ္ဗာန်ပဲ၊ ခန္ဓာတော့မရှိ။ သုခဓမ္မ သက်သက်ရှိ၏လို့ ဆိုပါတယ်။ မှတ်သားထိုက်ပါသည်။ အမှန်မှာ နိဗ္ဗာန်တွင် တစ်ခုတည်းသော ကိုယ်ပိုင်လက္ခဏာဖြစ်သည့် စိတ်ကို ပူလောင်စေတတ်သော ကိလေသာအပူမီးများ ငြိမ်းသတ် ချုပ်ပျောက်ကုန်ဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော သန္တိသုခ အငြိမ်းဓါတ် ဟုခေါ်ဆိုအပ်သော ပရမထ္တတရားလည်းဖြစ်သော အသင်္ခတနိဗ္ဗာနဓါတ် ရှိသည်။


ဓမ္မလင်းရောင်ခြည် မှ

*** ဘေးမရှိရာ အရပ် ***

အစ္ဆရာဂဏသံယုဋ္ဌံ=နတ်သမီးပေါင်းသိန်းသောင်းမက
ကြွေးကြော်ဆူရာ နေရာဌာန ဖြစ်သော်လည်း၊
ပိသာစ ဂဏသေဝိတံ = တစ္ဆေ မြေဘုတ် ဘီလူးတို့၏ မှီဝဲရာဌာနနှင့် တူထသော၊မောဟနံ = နတ်တို့ကို တွေဝေမိုက်မဲစေတတ်သော၊ တံဝနံ = ထိုနန္ဒဝန်ဥယျာဉ်ကို၊ ကထံနာမ=အဘယ်သို့လျှင်၊ ယာတြ = ကျော်လွန်၍ သွားရခြင်းသည်၊ ဘဝိဿတိ= ဖြစ်လတ္တံ့ပါသနည်းဘုရား။

ဥဇုကောနာမ = ဖြောင့်ဖြောင့်သွားရာ လမ်းမည်သည်၊ သောမဂ္ဂေါ = ထိုသင်ရဟန်းဘဝက သွားခဲ့တဲ့ ဝိပဿနာလမ်းပင်တည်း။ အဘယာနာမ = ဘေးမရှိရာ အရပ်ပင်တည်း။ အကူဇနော = အသံမမြည်သော၊ ရထောနာမ = ရထားမည်သည်၊ ဓမ္မစက္ကေဟိ = ကာယိကဝီရိယ တည်းဟူသောဘီး၊ စေတသိကဝီရိယ တည်းဟူသော ဘီးတို့ဖြင့်၊ သံယုတော = ကောင်းစွာ ယှဉ်တပ်ထားအပ်သော မဂ္ဂင်ယာဉ်ရထားပင်တည်း။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ... ။

"အဘယာနာမ သာဒိသာ"။ အဘယာနာမ = ဘေးမရှိရာ အရပ်မည်သည်၊ သာဒိသာ = သင်ရဟန်းဘဝက ရည်မှန်းခဲ့တဲ့ နိဗ္ဗာန် အရပ်ပင်တည်း။

ရထော အကူဇနောနာမ"။ အကူဇနော = အသံမမြည်သော၊ ရထောနာမ = ရထားမည်သည်၊ ဓမ္မစက္ကေဟိ = ကာယိကဝီရိယ တည်းဟူသောဘီး၊ စေတသိကဝီရိယ တည်းဟူသောဘီးတို့ဖြင့်၊ သံယုတော = ကောင်းစွာ ယှဉ်စပ်တပ်ဆင်ထားသော မဂ္ဂင်ရထားပင်တည်း။

ဟိရီ = ဟိရိသည်၊ တဿ = ထိုမဂ္ဂင်ယာဉ်ရထား၏ ၊ အပါလမ္မော = နောက်မှီခုံပင်တည်း။
သတိ = သတိသည်၊ အဿ = ထိုမဂ္ဂင်ယာဉ်ရထား၏ ၊ ပရိဝါရဏံ = အကာအရံတည်း။

ယဿ ဣတ္ထိယာဝါ = အကြင်အမျိုးသမီးအားလည်းကောင်း၊ ယဿ ပုရိသဿဝါ = အကြင်အမျိုးသားအားလည်းကောင်း၊ ဧတာဒိသံယာနံ = ဤမဂ္ဂင်ယာဉ်ရထားသည်၊ အတ္ထိ = ရှိ၏ ။ သ သော = ထိုအမျိုးကောင်းသား၊ အမျိုးကောင်းသမီးသည်၊ ဝေ = စင်စစ်၊ ဧတေန ယာနေန = ဤမဂ္ဂင်ယာဉ်ရထားဖြင့်၊ နိဗ္ဗာနေဿဝ = နိဗ္ဗာန်၏ သာလျှင်၊ သန္တိကေ = အထံသို့၊ ဂတော = ရောက်ရ၏ ။ ဣတိ = ဤသို့၊ ဘဂဝါ = မြတ်စွာဘုရားသည်၊ အဝေါစ = ကရုဏာရှေ့သွား ပညာအားဖြင့် ဟောကြားတော်မူခဲ့ပါပေသတည်း ...။

ဓမ္မဗောဓိ

*** နိဗ္ဗာန်၌ မရှိသောတရား ***

# မာလုကျာ၏သားဖြစ်သော ရဟန်း၊ အကြင်အခါ၌ သင်သည် ထိုမြင်ရသော အဆင်း၌လည်း
မတည်ပဲရှိ လတံ့။ မာလုကျာ၏သား ဖြစ်သောရဟန်း ထိုသို့မတည်သောအခါ၌

သင်ဟုဆိုအပ်သော ရုပ်နာမ်အစဉ်သည် ဤလူ့လောက၌လည်းမရှိ၊ ဟိုလောက၌လည်း မရှိ၊

(ဤလောက ဟိုလောက ဆိုသည့် ၂ ပါးကြဉ်၍) အခြား၌လည်း မရှိပြီ။

ဤသို့ သင်(ဟုဆိုအပ်သော ရုပ်နာမ်အစဉ်)၏ မရှိခြင်း သည်ပင်လျှင် ဆင်းရဲခြင်း၏

အဆုံးပေတည်း။ ဆင်ရဲခြင်းကုန်ဆုံးရာ နိဗ္ဗာန်ပေတည်းဟု မြတ်စွာဘုရားရှင်က

မာလုကျပုတ္တမထေရ်ကို မိန့်တော်မူခဲ့သည်။

## လောက ၃ ပါး ဖြစ်သည့် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့တွင်

ရှိရှိသမျှ သက်ရှိ သက်မဲ့တို့သည် ရုပ်ဓါတ် နာမ်ဓါတ်များဖြင့်သာ ဖွဲ့စည်းထားသော

ရုပ်အစုအဝေး နာမ်အစုအဝေးများဖြစ်သည်။ ထိုတစ်စုတစည်းတည်း ပေါင်းစုနေသည့်

ရုပ်နာမ်ခန္ဓာများဖြင့် ကင်း၍ ဖြစ်မလာ။ လောက ၃ ပါးတွင် ရုပ်နာမ်များဖြင့် ပြည့်နှက်နေသည်။

အချို့က ပြောကြသည် အာကာသ ဟင်းလင်းပြင်တွင် မည်သည့် ရုပ်မျှ မရှိသော

လဟာကြီးဖြစ်သည်။ အမှန်မှာ မိုက်ခရိုစကုပ်ဖြင့်ပင် မမြင်ရသော ပရမာဏုမြူခေါ် ရုပ်အခြေခံ

အမှုန်လေးများ(ရုပ်ကလပ်)ရှိနေကြောင်း မသိခြင်းပင်။ နိဗ္ဗာန်၌မူ ထိုထိုသော ရုပ်နာမ်များ မရှိ။

ကင်းဆိတ်၍ နေသည်။ ထိုကြောင့် နိဗ္ဗာန်သည် လောက ၃ ပါး အတွင်း၌မရှိ။




### မဟာစည်ဆရာတော်ကြီးက “ငါ မရှိတာ ဆင်ရဲဆုံးရာနိဗ္ဗာန်ပဲ။ ရဟန္တာများ

ပရိနိဗ္ဗာန်စံသောအခါ ငါလို့ ဆိုစရာ ရုပ်နာမ်တွေ ဘယ်မှာမှ မရှိတော့ဘူး။

ပရိနိဗ္ဗာန်စုတိစိတ်ချုပ်သည်နှင့် အကုန်လုံးကင်းသွားတယ်။ ဒါကို ဆင်းရဲဟူသမျှ ကင်းဆိတ်ရာ

အနုပါဒိသေသနိဗ္ဗာန်ပါပဲ” လို့ ဟောကြားထားပါသည်။

ဓမ္မလင်းရောင်ခြည် မှ