4/09/2014

*** ၂၅၆ ပါးသော သက္ကာယဒိဋ္ဌိ ငရဲမီး အပြီးပါရှိသည် ***

# ၂၅၆ ပါးသော သက္ကာယဒိဋ္ဌိကို မပယ်နိုင်သေးသော ပုထုဇဉ်တို့သည် -

လူပြည့်မှာ သူဌေး၊ သူကြွယ်၊ ပဒေသရာဇ်၊ ဧက၇ာဇ်၊ စကြာမင်း စည်းစိမ်ကို ရရှိခံစား၍ နေကုန် သော်လည်းရင်ထဲ နှလုံးထဲမှာ ( ၂၅၆)ပါးသော သက္ကာယ ဒိဋ္ဌိငရဲမီး ဝင်းဝင်းတောက် ထိန်ထိန်ညီး အပြီးပါရှိ၍ နေကုန်ရကား ယခုနေ့ သေလျှင် မနက်ဖြန် အဝီစိ မီးစာ ဖြစ်နိုင်ကုန်သည်။

နတ်ပြည်ခြောက်ထပ်မှ နတ်မင်း၊ သိကြားမင်း၊ ရူပ၊ အရူပ ဗြဟ္မာဘုံမှာ ဗြဟ္မာမင်းစည်းစိမ်ကို ခံစားနေရကုန်သော်လည်း ( ၂၅၆ )ပါးသော သက္ကာယဒိဋ္ဌိ ငရဲမိးညီးညီးတောက်လျက် အပြီးပါရှိနေကုန်ရကား ယခုနေ့ စုတေလျှင် မနက်ဖြန် အဝီစိ မီးစာ ဖြစ်နိုင်ကုန်၏။

# ၂၅၆ ပါးသော သက္ကာယဒိဋ္ဌိသည် လူ၊နတ်၊ဗြဟ္မာ ပုထုဇဉ် သတ္တဝါ မှန်သမျှမှာ ဖြစ်လေရာရာ အမြဲပါ၏၊

အပါယ်(၄)ဘုံနှင့်တကွ ( ၆၂)ပါးသော မိစ္ဆာဒိဋ္ဌိ၊ (၃)ပါးသော နိယတမိစ္ဆာဒိဋ္ဌိ၊ ဒုစရိုက် (၁၀ ပါး စသည်များသည် ဤသက္ကာယဒိဋ္ဌိ၏ အစီးအပွားသာတည်း ။

ရူပက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၁၁၂ )ပါး
ဝေဒနာက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၇၂ )ပါး
သညာက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၂၄ )ပါး
သင်္ခါရက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၂၄ )ပါး
ဝိညာဏက္ခန္ဓာ၌ - သက္ကာယဒိဋ္ဌိ ( ၂၄ )ပါး

ဤပြဆိုခဲ့ပြီးသော သက္ကာယဒိဋ္ဌိတို့ကို မပယ်နိုင်သမျှ ကာလပတ်လုံး လူဖြစ်သော်လည်း အပါယ်လေးပါး တံခါးဟင်းလင်း၊ နတ်သိကြားဖြစ်သော်လည်း အပါယ်လေးပါး တံခါးဟင်းလင်း၊ ဗြဟ္မာဖြစ်သော်လည်း အပါယ်လေးပါးတံခါး ဟင်းလင်းသာနေကြ၏။ စိတ်နှလုံးထဲမှာ ငရဲမီးထုပ်ပေါင်း ( ၂၅၆)ပါးကို ရင်ခွင်ပိုက်လျက်နေကြ၏။ စိတ်နှလုံးထဲမှာ ငရဲကြီး ( ၈ )ထပ်၊ ဖြစ်လေရာရာ အပြီးပါ၍ နေကြ၏။

ကုသိုလ်ကံ အခွင့်ရ၍ လူ့ဘဝ၊နတ်ဘဝ၊ ဗြဟ္မာဘဝကို ရကြသော်လည်း ရင်ထဲ မှာ ငရဲမီး ထပ်ကြပ်ပါ၍ နေသောကြောင့် စိတ်နှလုံးအေးရန် အခွင့်မရှိ။

လူပင်ဖြစ်သော်လည်း လူအေး မဟုတ်၊ နတ်၊ ဗြဟ္မာပင် ဖြစ်သော်လည်း နတ်အေး၊ ဗြဟ္မာအေး မဟုတ်လေရကား လယ်တီဆရာတော်ဘုရားကြီးက -

သစ္စာမသိ၊ ဒိဋ္ဌိမကွာ၊ ပုဂ္ဂိုလ်မှာလျှင်
လူတွင် စကြာ၊ နတ်မှာ သိကြား၊
မိုးဖျား ဗြဟ္မာ၊ ဖြစ်တုန်ပါလည်း၊
ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက၊
ဖောက်လွဲပါယ်ရွာ၊ ရောက်မြဲသာတည်း ဟု မြွက်ဖော်ညွန်းပြ ဆိုဆုံးမခဲ့ပေသည်။



Ref: ဦးသိန်းဟန် လယ်တီကမ္မဋ္ဌာနာစရိယ

No comments:

Post a Comment