မျက်စိနဲ့ ရူပါရုံ မတိုက်ဆိုင်မီက မျက်စိထဲမှာ မြင်စိတ်မရှိသေးပါ၊
မျက်စိနဲ့ ရူပါရုံ တိုက်ဆိုင်တော့မှ "မြင်စိတ်" ဖြစ်လာတာပါ ၊ မူလက မရှိ၊
မျက်စိနဲ့ ရူပါရုံ တိုက်ဆိုင်တော့မှ ဖြစ်လာတာဆိုတော့ ဒီမြင်စိတ်ဟာ အတိတ်ဘဝက
လာတာလို့ မဆိုနိုင်ပါ၊
မျက်စိကို မှိတ်လိုက်သော်လည်းကောင်း၊ ရူပါရုံကို ကွယ်ထားလိုက်သော်လည်းကောင်း တစ်ခုခု ချွတ်ယွင်းသွားရင် မြင်စိတ်ဟာလည်း
ချုပ်သွားရတာသာ ဖြစ်လို့ အနာဂတ် ဘဝသို့ ထွက်သွားတယ်လို့ မဆိုနိုင်ပါ၊
ဒီနေရာ ဖြစ်ပြီး ဒီနေရာမှာ ချုပ်သွားတာပါ၊ အာရုံဒွါရ ထောက်ပံ့ဆဲ
ပစ္စုပ္ပန်ခဏတွင် သာရှိတယ်ဆိုတာ ထင်ရှားပါတယ်။
ဤနည်းတူ ကြွင်း၊နားနင့်အသံ၊ နှာခေါင်းနှင့် အနံ စသည့် ကိစ္စများကိုလည်း သိပါလေ။
အာရုံခြောက်ပါးကို သိတတ်သော ခြောက်ပါးသော ဝိညာဏ်ကလွဲပြီး ခန္ဓာကိုယ်မှာ
အသက်၊ လိပ်ပြာ၊ အတ္တ၊ ဇီဝမရှိ၊ ထိုခြောက်ပါးသော ဝိညာဏ်ကိုပင် " ငါ " ဟု အတ္တ
စွဲနေကြတာပါ။
အတ္တစွဲကွာအောင် စိစစ်ဖို့ကတော့ - မျက်စိနဲ့ ရူပါရုံ
မပေါင်းဆုံဘဲ မြင်စိတ်မဖြစ်နိုင်၊ ပေါင်းစုံမှသာ မြင်စိတ်ဖြစ်နိုင်တာမို့ "
ငါ " မြင်တယ်လို့ ဆိုရန်မသင့်ပါ၊ ပုထုဇဉ်က " ငါက မြင်တယ် " လို့ထင်တယ်၊
အရိယာက မြင်စိတ်ဖြစ်တာလို့ သိတယ် ၊ ဒါကြောင့် ပုထုဇဉ်နှင့်ပြောင်းပြန်သိမှ
အရိယာဖြစ်တယ်လို့ ဆိုရပေလိမ့်မည်၊
အာရုံနဲ့ဒွါရ ပေါင်းဆုံမှသာ
အသိစိတ် ဖြစ်နိုင်လေတော့ ထိုခြောက်ပါးသော ဝိညာဏ်ကို " ငါလို့ "
မဆိုနိုင်ပါ၊ ဒါက ခြောက်ပါးသော ဝိညာဏ်မှာ စွဲတဲ့ သက္ကာယဒိဋ္ဌိ ကို ခွာတာပါ။
ဝိစိကိစ္ဆာကို ခွာဖို့ကတော့ - ထိုခြောက်ပါးသော ဝိညာဏ်ဟာ အတိတ်ဘဝက
လာတာမဟုတ်၊ " အာရုံ ဒွါရ ထိခိုက်မှ ဖြစ်တယ်" ဆိုတော့ ငါသည် ရှေးတုန်းက
ဖြစ်ခဲ့ဖူးလေသလော၊ မဖြစ်ခဲ့ဖူးလော၊ ဖြစ်ခဲ့ရင် ဘယ်လို ဇာတ်ပါလိမ့်၊
ဘယ်လိုအခြင်းအရာပါလိမ့်၊ ဘယ်လိုသဏ္ဍာန်ပါလိမ့်ဟု ယုံမှားစရာ မလိုတော့ပါ။
ထိုခြောက်ပါးသော ဝိညာဏ်ဟာ " အာရုံ ဒွါရ တစ်ခုခု ချွတ်ယွင်းသွားရင် ချု့ပ် "
တယ်။ အနာဂတ်ဘဝ သို့ မသွားဘူးဆိုတော့ ငါသည် အနာဂတ်ဘဝ သို့ သွားရဦးမှာလား၊
မသွားတော့ဘူး ၊ သွားရင် ဘယ်လိုဇာတ်ပါလိမ့်၊ ဘယ်လိုအခြင်းအရာပါလိမ့်၊ ဘယ်လို
သဏ္ဍာန်ပါလိမ့်ဟု ယုံမှားစရာ မလိုတော့ပါ။
အာရုံခြောက်ပါးကို ငါက
သိတာ မဟုတ်။ " အာရုံ ဒွါရ ထိခိုက်ကြလို့ သိမှုဖြစ်တာ " ဆိုတော့ ယခုသိတာဟာ
ငါလား၊ ငါမဟုတ်ဘူးလား၊ ငါဆိုရင် ဘယ်လိုဇာတ်ပါလိမ့်၊ ဘယ်လို
အခြင်းအရာပါလိမ့်၊ ဘယ်လို သဏ္ဍာန်ပါလိမ့်၊ ဘယ်ကလာ၍ ဘယ်ကိုသွားမှာပါလိမ့်
ဘယ်ကလာ၍ ဘယ်ကို သွားမှာပါလိမ့်ဟု ယုံမှားစရာလည်း မလိုတော့ပါ၊ ဒါက
ကင်္ခါယုံမှား ဆယ့်ခြောက်ပါးကို ခွာတာ ဖြစ်တယ်။
ထိုဝိညာဏ်ခြောက်ပါးဟာ -
~ အတိတ်ဘဝက လာတာလည်း မဟုတ်
~ အနာဂတ်ဘဝကိုလည်း မသွား
~ ဒီနေရာမှာ ဖြစ်၍ ဒီနေရာမှာ ချုပ်တယ် လို့သိတော့
အတိတ်ဘဝမှ ပစ္စုပ္ပန်ဘဝ သို့ လာပြီး အနာဂတ်ဘဝသို့ သွားတယ်လို့ ထင်နေတဲ့ "သဿတဒိဋ္ဌိ " သေတယ်။
အကြောင်းထောက်ပံ့မှ ဖြစ်တာ ကို သိလေတော့ သေရင်မြေကြီးသာ ဖြစ်တယ်။ ဘဝဟာ
ပြတ်တယ်လို့ ထင်နေတဲ့ "ဥစ္ဆေဒဒိဋ္ဌိ" သေတယ်၊ အဲဒီလို သဿတ၊ ဥစ္ဆေဒ ဆိုတဲ့
ဒိဋ္ဌိနှစ်ပါးကင်းလေတော့ -
သင်္ခါရတရားတို့သည် " အကြောင်းထောက်ပံ့ဆဲ ပစ္စုပ္ပန်ခဏမှသာ ရှိတာပါလား။ ထာဝရ ရှိ မဟုတ်ပါလား " လို့သိလေတော့ အနိစ္စ မြင်တယ်။
အကြောင်းထောက်ပံ့လျှင် ဖြစ်ပြီး အကြောင်းချုပ်ရင် ချုပ်တာကို သိလေတော့
ဖြစ်ပြီးလျှင် ပျက်စီးတတ်သော ဝိပရိဏာမ ဒုက္ခသစ္စာတရားပါလားလို့
ဒုက္ခကိုမြင်တယ်၊ ဖြစ်ပြီးလျှင် ပျက်စီးတတ်၍ ကြောက်စရာ ကောင်းတာကို မြင်မှ
ဒုက္ခသစ္စာကို မြင်ရာကျတယ်၊ မခံသာတာက ဒုက္ခဝေဒနာသာ ဖြစ်တယ်။
သင်္ခါရတရားတို့သည် အကြောင်းမထောက်ပံ့ဘဲ မဖြစ်နိုင်၊ ထောက်ပံ့လို့
ဖြစ်လာပြန်သော်လည်း " အကြောင်းချုပ်လျှင် ချုပ်ရတော့သည့် အတွက် အစိုးရသူ
မရှိပါလား " လို့မြင်တာက အနတ္တကို မြင်တာ။
အဲဒိလို လက္ခဏာသုံးပါးကို
မြင်တော့မှ သံဝေဂ ဥာဏ်ပေါ်တယ်၊ ပေါ်လျှင် ငါ၊ ငါ့ဟာ လို့ စွဲနေတဲ့ သမုဒယသစ္စာ
ပြတ်သွားတယ်၊ ပြတ်လျှင်ပြတ်ရာ နိရောဓသစ္စာကို မျက်မှောက်ပြုရတော့တယ်၊
မျက်မှောက်ပြုတဲ့ ဥာဏ်သည် မဂ္ဂသစ္စာဖြစ်တယ်၊ သစ္စာလေးပါး စုံပါပြီ၊ စုံမှသာ
ဗုဒ္ဓတရားတော်ဖြစ်သောကြောင့် သစ္စာလေးပါးကို သိ၍ သြယလေးဖြာ သံသရာဝဋ်ဆင်းရဲမှ
လွတ်မြောက်နိုင်ကြကုန်ရာသတည်း၊
နမ္မားဆရာတော်ကြီး အရှင်ဥာဏ
Ref: ဦးသိန်းဟန် လယ်တီကမ္မဋ္ဌာနစရိယ ပဋိစ္စသမုပ္ပါဒ်အလင်းကျမ်း မှ
No comments:
Post a Comment