4/09/2014

*** နိဗ္ဗာန်၌ မရှိသောတရား ***

# မာလုကျာ၏သားဖြစ်သော ရဟန်း၊ အကြင်အခါ၌ သင်သည် ထိုမြင်ရသော အဆင်း၌လည်း
မတည်ပဲရှိ လတံ့။ မာလုကျာ၏သား ဖြစ်သောရဟန်း ထိုသို့မတည်သောအခါ၌

သင်ဟုဆိုအပ်သော ရုပ်နာမ်အစဉ်သည် ဤလူ့လောက၌လည်းမရှိ၊ ဟိုလောက၌လည်း မရှိ၊

(ဤလောက ဟိုလောက ဆိုသည့် ၂ ပါးကြဉ်၍) အခြား၌လည်း မရှိပြီ။

ဤသို့ သင်(ဟုဆိုအပ်သော ရုပ်နာမ်အစဉ်)၏ မရှိခြင်း သည်ပင်လျှင် ဆင်းရဲခြင်း၏

အဆုံးပေတည်း။ ဆင်ရဲခြင်းကုန်ဆုံးရာ နိဗ္ဗာန်ပေတည်းဟု မြတ်စွာဘုရားရှင်က

မာလုကျပုတ္တမထေရ်ကို မိန့်တော်မူခဲ့သည်။

## လောက ၃ ပါး ဖြစ်သည့် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက တို့တွင်

ရှိရှိသမျှ သက်ရှိ သက်မဲ့တို့သည် ရုပ်ဓါတ် နာမ်ဓါတ်များဖြင့်သာ ဖွဲ့စည်းထားသော

ရုပ်အစုအဝေး နာမ်အစုအဝေးများဖြစ်သည်။ ထိုတစ်စုတစည်းတည်း ပေါင်းစုနေသည့်

ရုပ်နာမ်ခန္ဓာများဖြင့် ကင်း၍ ဖြစ်မလာ။ လောက ၃ ပါးတွင် ရုပ်နာမ်များဖြင့် ပြည့်နှက်နေသည်။

အချို့က ပြောကြသည် အာကာသ ဟင်းလင်းပြင်တွင် မည်သည့် ရုပ်မျှ မရှိသော

လဟာကြီးဖြစ်သည်။ အမှန်မှာ မိုက်ခရိုစကုပ်ဖြင့်ပင် မမြင်ရသော ပရမာဏုမြူခေါ် ရုပ်အခြေခံ

အမှုန်လေးများ(ရုပ်ကလပ်)ရှိနေကြောင်း မသိခြင်းပင်။ နိဗ္ဗာန်၌မူ ထိုထိုသော ရုပ်နာမ်များ မရှိ။

ကင်းဆိတ်၍ နေသည်။ ထိုကြောင့် နိဗ္ဗာန်သည် လောက ၃ ပါး အတွင်း၌မရှိ။




### မဟာစည်ဆရာတော်ကြီးက “ငါ မရှိတာ ဆင်ရဲဆုံးရာနိဗ္ဗာန်ပဲ။ ရဟန္တာများ

ပရိနိဗ္ဗာန်စံသောအခါ ငါလို့ ဆိုစရာ ရုပ်နာမ်တွေ ဘယ်မှာမှ မရှိတော့ဘူး။

ပရိနိဗ္ဗာန်စုတိစိတ်ချုပ်သည်နှင့် အကုန်လုံးကင်းသွားတယ်။ ဒါကို ဆင်းရဲဟူသမျှ ကင်းဆိတ်ရာ

အနုပါဒိသေသနိဗ္ဗာန်ပါပဲ” လို့ ဟောကြားထားပါသည်။

ဓမ္မလင်းရောင်ခြည် မှ

No comments:

Post a Comment