4/09/2014

ဒိဋ္ဌိခပ်သိမ်း၏ အမြစ်မူလ သက္ကာယ

သက္ကာယဒိဋ္ဌိသည် ခပ်သိမ်းသောဒိဋ္ဌိတို့၏ မူလ အမြစ်တည်း၊ လောက၌ အလုံးစုံသော မြက်၊ သစ်ပင် ဟူသမျှသည် မျိုးစေ့မှ ပေါက်ဖွားဖြစ်ထွန်းကြကုန်၏။ မျိုးစေ့သည် မြက်၊ သစ်ပင်တို့၏ မူလဗီဇ ဖြစ်ခဲ့၏ ၊ မျိုးစေ့ရှိခဲ့လျှင် ဘယ်နေရာမှာ မြက်၊ သစ်ပင်မပေါက်ဟု မဆိုသာ။ မျိုးစေ့မရှိ၊ မျိုးပြတ်သွားလျှင် မြက်၊ သစ်ပင် အပေါက်ငြိမ်း၏ ၊ မျိုးမပြတ်လျှင် အပေါက်မငြိမ်း ။

ဤအတူ စိတ်နှလုံးထဲမှာ သက္ကာယဒိဋ္ဌိ အပြီးပါနေသမျှ ကာလပတ်လုံး ကမ္ဘာပျက်၍ မှ ငရဲက မလွတ်ရသော နိယတမိစ္ဆာဒိဋ္ဌိကြီး ( ၃ )ပါးဘေးနှင့်တကွ၊ မိစ္ဆာဒိဋ္ဌိ ( ၆၂)ပါးသောဘေးတို့မှ မလွတ်နိုင်သေးပြီ။ ပဉ္စာနန္တရိယ ကံကြီးငါးပါးလည်း အပြီးပါရှိ၍ နေတော့သည်။ ဒုစရိုက် ( ၁၀ )ပါးလည်း အပြီးပါ၍ သာနေတော့သည်။ လူ့ပြည်မှာ လူဖြစ်သော်လည်း၊ နတ်ပြည်( ၆)ထပ်မှာ နတ်မင်းကြီး၊ သိကြားမင်းကြီး ဖြစ်သော်လည်း ၊ ဗြဟ္မာပြည်မှာ ဗြဟ္မာမင်းကြီးဖြစ်သော်လည်း ရင်ထဲမှာကား အပါယ် ( ၄)ဘုံ အပြီးပါသည်သာတည်း။

ဤသို့အားဖြင့် လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာပြည်၌ နေကြကုန်သော ပုထုဇဉ်တို့မှာ အပါယ်ကျခွင့် သို့ တစ်နေ့ထက် တစ်နေ့ နီး၍ သွားကြလေကုန်၏။

လယ်တီဆရာတော်ဘုရားကြီး

No comments:

Post a Comment