4/09/2014

*** ဘုရားရှင်၏ သိက္ခာသုံးပါး အကျင့်မြတ် သာသနာ

မြတ်စွာဘုရားက သီလသိက္ခာ၊ သမာဓိသိက္ခာ၊ ပညာသိက္ခာဆိုတဲ့

သိက္ခာသုံးပါးကို ဘာကြောင့်ဟောတာလဲဆိုရင် ကိလေသာသုံးမျိုး

ရှိတဲ့အတွက် ဟောတော်မူခြင်း ဖြစ်ပါတယ်။ ကိလေသာ သုံးမျိုးက

အနုသယကိလေသာ၊ပရိယုဋ္ဌာနကိလေသာ

ဝီတိက္ကမကိလေသာတို့ ဖြစ်ပါတယ်။


အနုသယကိလေသာဆိုတာက ကိန်းနေတဲ့ ကိလေသာကို ခေါ်ပါတယ်။

ကိန်းနေတယ်ဆိုတာက လောဘဖြစ်စရာ အာရုံနဲ့ မကြုံသေးခင်မှာ

မရှိသလို ဖြစ်နေပြီးတော့ အာရုံနဲ့ ကြုံမှဖြစ်လာတာပါ။ ဒါကြောင့်

အာရုံနဲ့ကြုံရင် ဖြစ်ဖို့ကိန်းနေတဲ့ သဘောဟာ အနုသယ ကိလေသာပါပဲ။


မိမိကို စိတ်ဆိုးအောင် တစ်ယောက်ယောက်က

မပြောဆိုသေးခင်မှာ ဒေါသ မဖြစ်သေးပါဘူး။ ဒါပေမယ့် စိတ်ဆိုးစရာ

အာရုံနဲ့ကြုံတဲ့ အခါမှာ ဒေါသဖြစ်လာတာပါပဲ။ အဲ့ဒီလို စိတ်ဆိုးစရာ

အာရုံနဲ့ကြုံတဲ့အခါ ဒေါသဖြစ်လာတာဟာ အနုသယ

ရှိနေလို့ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ အနုသယမရှိရင်

ဘယ်လိုအာရုံနဲ့ပဲကြုံကြုံ မဖြစ်ပါဘူး။


အနုသယကိလေသာ (၇)ပါး ရှိပါတယ်။ လောဘဖြစ်စရာ

အာရုံနဲ့ကြုံရင် ဖြစ်လာမယ့် သဘောကို ကာမရာဂါ

နုသယလို့ ခေါ်ပါတယ်။ ဒေါသဖြစ်စရာ

အာရုံနဲ့ကြုံရင် ဖြစ်လာမယ့် သဘောကို ပဋိဃာနုသယလို့ ခေါ်ပါတယ်။


မာနဖြစ်စရာ အာရုံနဲ့ကြုံ၇င် ဖြစ်လာမယ့် သဘောကို မာနာနုသယလို့

ခေါ်ပါတယ်။ ဒိဋ္ဌိဖြစ်စရာ အာရုံနဲ့ကြုံရင် ဖြစ်လာမယ့် သဘောကို

ဒိဋ္ဌာနုသယလို့ ခေါ်ပါတယ်။ ၀ိစိကိစ္ဆာဖြစ်စရာ အာရုံနဲ့ကြုံလာရင်

ဖြစ်လာမယ့် သဘောကို ၀ိစိကိစ္ဆာ နုသယလို့ ခေါ်ပါတယ်။အ၀ိဇ္ဇာဖြစ်စရာ

အာရုံနဲ့ကြုံ၇င် ဖြစ်လာမယ့် သဘောကို အ၀ိဇ္ဇာ နုသယလို့ ခေါ်ပါတယ်။


ဘ၀တဏှာ ဖြစ်စရာ အာရုံနဲ့ကြုံလာရင် ဖြစ်လာမယ့် သဘောကို ဘ၀ရာဂါ

နုသယလို့ ခေါ်ပါတယ်။မဖြစ်မှီမှာ မရှိသလိုပဲ ကိန်းနေပါတယ်။ အဲ့ဒီ

အကိန်းဓာတ် ချုပ်သွားမှ နိဗ္ဗာန် ခေါ်ပါတယ်။ အနုသယ မကျန်အောင်ချုပ်မှ

နိရောဓသစ္စာ နိဗ္ဗာန် ခေါ်တာပါ။


ပရိယုဋ္ဌာန ကိလေသာဆိုတာကတော့ လောဘဖြစ်စရာ

အာရုံနဲ့ကြုံ၇င် လောဘဖြစ်လာတယ်။ ဒေါသဖြစ်စရာ

အာရုံနဲ့ကြုံရင် ဒေါသဖြစ်လာတယ်။ ဒါပေမယ့် ကာယကံ

ဝစီကံမြောက်အောင်တော့ မကျူးလွန်သေးဘူး။ အဲ့ဒါကို ပရိယုဋ္ဌာန

ကိလေသာလို့ ခေါ်ပါတယ်။ စိတ်ထဲမှာ ထကြွသောင်းကျန်းနေတဲ့

ကိလေသာကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။


ဝီတိက္ကမ ကိလေသာဆိုတာက စိတ်ထဲမှာ သောင်းကျန်းနေတဲ့ ပရိယုဋ္ဌာန

ကိလေသာဟာ ပိုပြီးတော့ အားကောင်းလာပြီးတော့၊ မအောင့်နိုင်တော့ဘဲနဲ့

ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒ၊ သုရာမေရယစတဲ့

မကောင်းမှု့ ဒုစရိုက်တွေကို ကျူးလွန်ကုန်ကြတော့တာပါပဲ။ အဲ့ဒီလို

ကာယကံ ၀စီကံမြောက်အောင် ကျူးလွန်တဲ့ ကိလေသာကို ခေါ်ပါတယ်။


အဲ့ဒီ ကိလေသာသုံးပါးကို ငြိမ်းစေဖို့အတွက်

သိက္ခာသုံးပါးကို မြတ်စွာဘုရားရှင် ထားတော်မူခဲ့ပါတယ်။

ကိလေသာသုံးပါးမှာ အကြမ်းတမ်းဆုံး ၀ိတိက္ကမ ကိလေသာအတွက်

သီလသိက္ခာကို ထားတော်မူခဲ့ပါတယ်။ သီလသိက္ခာကို ဖြည့်ကျင့်တဲ့သူဟာ

ကာယကံ ၀စီကံတွေကို မကျူးလွန်တော့ပါဘူး။ မကျူးလွန်တော့ ၀ိတိက္ကမ

ကိလေသာတွေ ငြိမ်းသွားပါတယ်။


အဲ့ဒီလို ကိလေသာ အကြမ်းစားတွေ ငြိမ်းတဲ့အခါ မိမိရဲ့စိတ်ကလေးကို

တခုတည်းသော ကမ္မဋ္ဌာန်းအာရုံမှာ ထားပြီး

ကျင့်ကြံအားထုတ်ရင် လောဘ၊ ဒေါသ၊ မောဟကို ဖြစ်စေတတ်တဲ့

အာရုံငါးပါး ကာမဂုဏ်တွေ စိတ်ထဲကို ၀င်မလာတော့ဘူး။ မ၀င်လာရင်

ပရိယုဋ္ဌာန ကိလေသာတွေ ငြိမ်းသွားပါတယ်။ ဒါကြောင့် ပရိယုဋ္ဌာန

ကိလေသာအတွက် သမာဓိ သိက္ခာကို ထားတော်မူခဲ့ခြင်း ဖြစ်ပါတယ်။


အဲ့ဒီလို သမာဓိ သိက္ခာကို ကျင့်လိုက်လို့ ကိလေသာတွေ အနည်ထိုင်ပြီး

စိတ်ကြည်လင်လာတဲ့အခါ အနုသယ ကိလေသာကို ပယ်သတ်ဖို့အတွက်

ပညာသိက္ခာကို ကျင့်ရပါမယ်။ ပညာသိက္ခာဆိုတာ ဘာလဲဆိုတော့

မဂ္ဂင်ရှစ်ပါးမှာ သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကို ခေါ်ပါတယ်။


မိမိတို့ နေရိုးနေစဉ်အတိုင်း စားသောက်နေထိုင် သွားလာနေတဲ့အခါမှာ

ခန္ဓာကြီးအကြောင်း ဘာမှမသိပါဘူး။ မသိလို့ပဲ ခန္ဓာကြီးကို

တပ်မက်တွယ်တာပြီးတော့ နေကြပါတယ်။ တရားဘာဝနာကို

ကောင်းစွာအားထုတ်လို့ ခန္ဓာကြီးရဲ့ ဖောက်ပြန်မှု့သဘော၊ အရှိကို

အရှိအတိုင်း သိလာပြီး အမှန်မြင်လာပြီဆိုရင် ၀ိပဿနာ သမ္မာဒိဋ္ဌိ

ပညာဥာဏ် ရလာတော့မှာ ဖြစ်ပါတယ်။


ခန္ဓာကြီးရဲ့ ဖောက်ပြန်ပျက်စီးမှု့၊ မမြဲမှု့၊ အစိုးမရမှု့၊ ဆင်းရဲမှု့တွေကို

ပိုမြင်အောင် မျက်ခြေမပြတ် အသိကပ်ပေးခြင်းက သမ္မာသင်္ကပ္ပ

ပညာမဂ္ဂင်နဲ့ မှန်ကန်စွာ အကြံပေးနေခြင်းပဲ ဖြစ်ပါတယ်။


အရေးကြီးဆုံးက အခြေခံ သီလပါပဲ။ သီလနဲ့ပတ်သက်လို့

အရိယာတို့သီလမျိုးကို အားကျ အတုယူသင့်ပါတယ်။ ပုထုဇဉ်တွေ စောင့်တဲ့

သီလမျိုး၊ လူကောင်းနတ်ကောင်း ဖြစ်ချင်လို့ စောင့်တဲ့ တဏှာဦးစီးတဲ့

သီလမျိုး မဟုတ်ပါဘူး။ ဒုစရိုက်အမှု့ကို ရွံရှာမုန်းတီးလို့၊ မကျူးလွန်ချင်လို့၊

မကျူးလွန်ပဲနေတဲ့ သီလမျိုးပဲ ဖြစ်ပါတယ်။ အဲ့ဒီသီလမျိုးကိုမှ

အရိယာတွေက နှစ်သက်ပါတယ်။


အဲ့ဒီသီလကို အရိယာကန္တသီလလို့ ခေါ်ပါတယ်။ ဒါကတော့ အရိယာတွေရဲ့

သီလပါ။ သာမန်ပုထုဇဉ်တွေကတော့ လူမှာဆို ငါးပါးသီလ။ သာမဏေမှာဆို

ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ၇၅-ပါး၊ ခန္ဓက၀တ်

၁၄-ပါး၊ ရဟန်းမှာဆို ၂၂၇-သွယ်သော သိက္ခာပုဒ်၊ အကျယ်အားဖြင့်

ကုဋေကိုးထောင်ကျော်တဲ့ သိက္ခာပုဒ်တွေ။ ဒါတွေဟာ သီလသိက္ခာတွေပါပဲ။


သီလရှိမှသာ သမာဓိ ဖြစ်လာပါမယ်။ သမာဓိဖြစ်မှသာ ပညာဖြစ်နိုင်ပါတယ်။

ပညာရှိမှသာ ဒုက္ခသစ္စာကို ပိုင်းခြားပြီးတော့ သိနိုင်ပါမယ်။

ပညာမရှိရင်တော့ ဤစာရေးသားသူ အရှင်အပါအ၀င် တစ်လောကလုံးက

သတ္တ၀ါတွေ ဒုက္ခကို သုခလို့ထင်ပြီး ပျော်တပြုံးပြုံးပဲ ဖြစ်နေကြဦးမှာပါဘဲ။


* တရားစကား, ဘယ်လိုဟောလဲ၊

* လိပ်ကျော, ကြောင်ကော်, ပြောင်ချော်ချော်နဲ့၊

* ပျော်တပြုံးပြုံး, မော်မဆုံးဘဲ၊

* နှလုံးမယဉ်, ပုထုဇဉ်တို့၊

* ငယ်ခါယုတ်မာ, ကြီးခါဆိုးဝါး၊

* သြော်………တရား မရနိုင်ကြပါလား။


BY – ASHIN SUMANGALA

No comments:

Post a Comment