4/09/2014

*** နိဗ္ဗာန်၌ ရှိသောတရား ***

ဘုရားရှင်လက်ထက်တော်က ယမကရဟန်းက ရဟန္တာသေလျှင် ဘာမျှမရှိ ပြတ်ပြီဟု အယူစွဲနေခဲ့ဘူးသည်။ ထိုအယူမှားကို အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီး ချေချွှတ်ပေးခဲ့ပုံကို မိုးကုတ်ဆရာတော်ကြီး ဟောကြားသော တရားမှ ကောက်နုတ်တင်ပြပါဦးမည်။

ရဟန်းများက ယမကရဟန်းသည် ရဟန္တာသေလျှင် ဘာမှမရှိ ပြတ်ပြီဆိုသည့် အယူစွဲနေကြောင်း အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးထံ လျှောက်ကြသည်။ ရဟန်းတွေက သူတင်ယူတာမဟုတ်၊ ဘုရားကဟောပါသည်ဟု ဘုရားရှင်ပါ ဥစ္ဆေဒဒိဌိဖြစ်နေကြောင်း ယူဆနေသည်ဟု ၀ိုင်းလျှောက်ပါသည်။

ထိုအခါ အရှင်သာရိပုတ္တရာက ယမကရဟန်းကိုမေးသည်။

မေး - ယမကရေ ခန္ဓာ ၅ ပါးရှိသလား။

ဖြေ - ရှိပါတယ်ဘုရား။

မေး - ရုပ်တရားကို ရဟန္တာခေါ်သလား။

ဖြေ - ရုပ်တရားကို ရဟန္တာမခေါ်ပါဘူးဘုရား။

မေး - ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ၀ိဉာဏ် တွေကိုရော ရဟန္တာခေါ်သလား။

ဖြေ - ရဟန္တာမခေါ်ပါဘူးဘုရား။

မေး - ရုပ်ထဲမှာ၊ ခန္ဓာ ၅ ပါးထဲမှာကော ရဟန္တာရှိသလား။

ဖြေ - မရှိပါဘူးဘုရား။

မေး - ခန္ဓာ ၅ ပါး အပေါင်းကော ရဟန္တာခေါ်သလား။

ဖြေ - ရဟန္တာမခေါ်ပါဘူးဘုရား။

မေး - ခန္ဓာ ၅ ပါး မဟုတ်တဲ့ တစ်ပါးသောတရားကို ရဟန္တာဆိုမလား။

ဖြေ - ဒီလိုလဲ မဟုတ်ပါဘုရား။

မေး - ရဟန္တာသေရင် ဘာမှ မဖြစ်တော့ဘူးဆိုတာ ဘယ်မတုန်း ရဟန္တာပြောပါဦး။

ဖြေ - အရှင်ဘုရား ဒိဌိကိန်းနေတုန်းက တပည့်တော် ပြောခဲ့တာပါဘုရား။

ဒိဌိကို ရှေးဦးစွာ အသိနဲ့ ပြုတ်သွားသည်ဟု မှတ်ထိုက်ပါသည်။ သက္ကယဒိဌိ တန်းလန်းနှင့် ရဟန္တာဆိုသော ပုဂ္ဂိုလ်၊ သတ္တ၀ါ အမည်ပညတ်ကို အစွဲပြုပြီး မေးလျှင် ပြတ်သည်၊ မပြတ်ဟု ဖြေရန်မသင့်ပါ။ ဖြေလျှင်လည်း သဿတ၊ ဥစ္ဆေဒ ဒိဌိ တစ်ခုခု ဖြစ်တော့မည်။ သတိပြုသင့်ပါသည်။




ဆက်လက်၍

မေး - ခန္ဓာ ၅ ပါး က နိစ္စလား၊ အနိစ္စလား။

ဖြေ - အနိစ္စပါ ဘုရား။

မေး - ဒုက္ခလား။ သုခလား။

ဖြေ - ဒုက္ခပါဘုရား။

မေး - ဖောက်ပြန်တတ်တဲ့ သဘောရှိလို့ ငါ့ကိုယ် ငါ့ဟာလို့ ဆိုနိုင်သလား။

ဖြေ - မဆိုနိုင်ပါဘူး ဘုရား။

အေး..ကောင်းပြီး ခန္ဓာကို ဉာဏ်နဲ့လှည့်တော့လို့ အရှင်သာရိပုတ္တရာက ပြောရာ အရှင်ယမက သောတာပန်တည်သွားသည်။

သောတာပန်တည်ပြီးနောက် ဒိဌိကို အပွါးပြုတ်မှ အရှင်သာရိပုတ္တရာကဆက်မေးတယ်။

မေး - ရဟန္တာသေလျှင် ဘာမှမဖြစ်ဘူး ဆိုတဲ့ မင်းအယူဝါဒကို ကျန်ရဟန်းတွေလာမေးရင် မင်းဘယ်လိုဖြေမတုန်း။

ဖြေ - တပည့်တော်ဒီလိုဖြေပါ့မယ်ဘုရား။ ခန္ဓာ ၅ ပါးက ဒုက္ခဖြစ်တဲ့ တရားပါ။ ရဟန္တာသေတာ ဒုက္ခကုန်တာ ဒုက္ခဆုံးတာပါဘုရား။ နိဗ္ဗာန်ဆိုတာ မရှိတာမဟုတ်ဘူး၊ ဒုက္ခသာဆုံးသွားတာ သုခရှိပါတယ်ဘုရား။

ဤနေရာတွင် အရှင်သာရိပုတ္တရာက နောင်တဖန်ဖြစ်ရင် ဒုက္ခ၊ နောင်တဖန်မဖြစ်ရင် သုခပဲလို့ အင်္ဂုတ္တိုရ်မှာ တိုတိုနဲ့ အဓိပ္ပါယ်ဖွင့်ခဲ့တယ်။ ခန္ဓာ ၅ ပါးက ဒုက္ခသစ္စာတရား။ ခန္ဓာရှိလျှင် ဒုက္ခရှိ။ ခန္ဓာနောင်တဖန်မဖြစ်ရင် နိဗ္ဗာန်ပဲ၊ ခန္ဓာတော့မရှိ။ သုခဓမ္မ သက်သက်ရှိ၏လို့ ဆိုပါတယ်။ မှတ်သားထိုက်ပါသည်။ အမှန်မှာ နိဗ္ဗာန်တွင် တစ်ခုတည်းသော ကိုယ်ပိုင်လက္ခဏာဖြစ်သည့် စိတ်ကို ပူလောင်စေတတ်သော ကိလေသာအပူမီးများ ငြိမ်းသတ် ချုပ်ပျောက်ကုန်ဆုံးခြင်းကြောင့် ဖြစ်ပေါ်လာသော သန္တိသုခ အငြိမ်းဓါတ် ဟုခေါ်ဆိုအပ်သော ပရမထ္တတရားလည်းဖြစ်သော အသင်္ခတနိဗ္ဗာနဓါတ် ရှိသည်။


ဓမ္မလင်းရောင်ခြည် မှ

No comments:

Post a Comment